Home
မြန်မာသတင်း
သီးစားအငှားချလယ်ယာမြေမှ ဖယ်ရှားခိုင်းသဖြင့် တိုက်ကြီးတောင်သူများ အခက်ကြုံ
DVB
·
December 17, 2018
ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်မှာ သီးစားခနဲ့ အငှားချပေးထားတဲ့စည်ပင်လယ်မြေတွေကို ကုမ္ပဏီကို ငှားရမ်းခဲ့ပြီး ဖယ်ရှားခိုင်းခဲ့တာကြောင့် တောင်သူ ၂၀၀ လောက် အခက်အခဲ ကြုံတွေ့နေရပါတယ်။ ဥတိ၊ စပါးကိုင်း၊ လှိုင်၊ ရန်လုံးနိုင်နဲ့ ခုနှစ်ကျိုက်ကျေးရွာတွေက တောင်သူတွေဟာ ၂၀၀၃ ခုနှစ်ကစတင်ပြီး ကိုင်းတောတွေ ခုတ်ထွင်ရှင်းလင်း လုပ်ကိုင်ခဲ့ကြရာက ခုတော့ ဖယ်ရှားခံနေရတာလို့ ကြို့ကုန်းကျေးရွာ တောင်သူ ဦးစိုးတင့်က ပြောပါတယ်။ “၂၀၀၃ ခုနှစ်မှာ အုပ်ချုပ်ရေးမှူးတွေကတဆင့် ကျေးရွာကတောင်သူတွေကိုခေါ်ပြီး လယ်လုပ်ဖို့ ပြောတယ်။ ၁ ဧကကို စပါး ၅ တင်းကနေ ၇ တင်းထိ ပေးရတယ်။ သားစဉ်မြေးဆက် လုပ်စားခွင့်ပေးမယ် မရောင်းစားရဘူးလို့ပြောခဲ့တယ်။ ကိုင်းတောတွေကို ခုတ်ထွင်ရှင်းလင်းပြီး လုပ်တယ်။ ရေကြီးနစ်မြုပ်လို့ ဒုက္ခတွေရောက်တယ်၊ ဘယ်အထောက်အပံ့မှ မရဘူး၊ အပြင်ကနေ အတိုးကြီးတွေနဲ့ရှာပြီး လုပ်နေရတာ။ အခုလယ်တွေ အချောဖြစ်လို့ ကောင်းလာပြီဆိုမှ ကုမ္မဏီကိုငှားလိုက်တဲ့အတွက် ဖယ်ပေးရမယ်ပြောတယ်။ ကျနော်တို့ကတော့ ဖယ်မပေးနိုင်ဘူး။ အခုတရားစွဲခံထားရတဲ့ တောင်သူတွေလည်းရှိပါတယ်။ ဖယ်မပေးလို့ တရားစွဲမယ်ဆိုလည်း စွဲခံမယ်" လို့ ပြောပါတယ်။ မြို့တော်စည်ပင်လုပ်ငန်း အကောင်အထည်ဖော်ဆောင်ချိန်က အကြံပေးအဖြစ် လုပ်ကိုင်ခဲ့သူ ဦးဉာဏ်ဝင်းက ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေအရ စိုက်ပျိုးလုပ်ကိုင်လို့ ရတဲ့လယ်မြေတွေကို အခြားနည်းသုံးစွဲခွင့်မပြုဘူးလို့ ပြောပါတယ်။ “အခုတောင်သူတွေ စိုက်ပျိုးလုပ်ကိုင်နေတဲ့ လယ်တွေ ကုမ္ပဏီကို ငှားတယ်ဆိုတာကလည်း လယ်ယာမြေဥပဒေနဲ့ မညီဘူး။ စည်ပင်က ဒီလယ်မြေတွေက ပုံစံ ၇ ထွက်ပြီးသား လယ်မြေတွေလို့ ပြောတယ်။ အခုကုမ္ပဏီကို ငှားတယ်ပြောတယ်။ အခု ကုမ္ပဏီက အဆောက်အဦတွေ လာဆောက်နေတယ်။ အနစ်နာခံ လုပ်ကိုင်လာတဲ့ တောင်သူတွေ ဖယ်ပေးလိုက်ရရင် အများကြီးဒုက္ခရောက်သွားမှာ။" ၁၉၉၉ခုနှစ်က ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက စိုက်ပျိုးမွေးမြူရေးအတွက် လယ်ယာမြေတွေ ဝယ်ယူခဲ့ပြီး အကောင်အထည်ဖော်ဆောင်နိုင်ခြင်း မရှိခဲ့လို့ တောင်သူတွေကို သီးစားခနဲ့ ခေါ်ယူလုပ်ကိုင်စေခဲ့တာပါ။ ၂၀၁၅ ခုနှစ်က စပြီး ဖယ်ခိုင်းခဲ့တာဖြစ်ပြီး လယ်ယာမြေထဲ ငါးကန်တူးဖော်တာတွေ ပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။ တောင်သူတွေက လယ်ယာမြေအတွင်းက မဖယ်ရှားပေးရေးအတွက် နိုင်ငံတော်သမ္မတအပါအဝင် ဝန်ကြီးဌာနအဆင့်ဆင့်ကို စာတင်ထားပေမယ့် ခုချိန်ထိ ဘာမှ လုပ်ဆောင်ပေးခြင်း မရှိသေးဘူးလို့ သိရပါတယ်။ တောင်သူ  ၂၀ ကျော်ကို ကျူးကျော်ဝင်ရောက်လုပ်ကိုင်နေတယ်ဆိုပြီး တိုက်ကြီးမြို့နယ် တရားရုံးမှာ တရားစွဲဆိုထားပြီး နောက်ထပ်တောင်သူတွေကိုလည်း တရားစွဲဆိုဖို့ လုပ်ဆောင်နေတယ်လို့ တောင်သူတွေက ပြောပါတယ်။ မြို့တော်စည်ပင်စိုက်ကွင်း တာဝန်ခံကို ဒီဗွီဘီက သွားရောက်မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် မရရှိခဲ့ပါဘူး။ သတင်း-မေသွယ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024