Home
မြန်မာသတင်း
တာချီလိတ်နယ်စပ်မှ နိုင်ငံခြားသားခရီးသွား ၇ သိန်းခန့် ၀င်ရောက်လည်ပတ်
DVB
·
December 16, 2018
၂၀၁၈ ခုနှစ်၊ ဧပြီ ၁ ရက်နေ့ကနေ ဒီဇင်ဘာ ၁၃ ရက်နေ့အထိ တာချီလိတ်နယ်စပ်ဝင်ပေါက်ကနေ ၀င်ရောက်လည်ပတ်ခဲ့တဲ့ နိုင်ငံခြားခရီးသွား ၇ သိန်းလောက် ရှိတယ်လို့ ဟိုတယ်ခရီးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ ထိုင်းနဲ့  တတိယနိုင်ငံသားအများစု ၀င်ရောက်လည်ပတ်ခဲကြတာဖြစ်ပြီး နေ့ချင်းပြန်/ ညအိပ်ခရီးသည် စုစုပေါင်း ၆၉၈,၅၉၁ ဦး ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ နှစ်ကုန်ခါနီး ခရီးသွားလာမှုများတဲ့  ဒီဇင်ဘာ ၇ ရက်ကနေ ဒီဇင်ဘာ ၁၃ ရက်အထိ တာချီလိတ်နယ်စပ် ၀င်/ထွက်ပေါက်ကတစ်ဆင့် ညအိပ်/ နေ့ချင်းပြန်ခရီးစဉ် လာရောက်လည်ပတ်ကြတဲ့ ထိုင်းနိုင်ငံသား ၂၅,၀၃၃ ဦး၊ တတိယနိုင်ငံသား နိုင်ငံခြားသားခရီးသွားဧည့်သည်အယောက် ၂၀၀ ရှိပါတယ်။ မိုင်းဖြတ်၊ ကျိုင်းတုံ ခရီးစဉ်အနေနဲ့ ထိုင်းနိုင်ငံသား အများစုပါဝင်တဲ့ ကမ္ဘာလှည့်ခရီးသည် ၆၂၁ ဦး၊ နိုင်ငံခြားသားခရီးသွားဧည့်သည် ၁,၁၃၄ ဦး ရှိတယ်လို့လည်း ဟိုတယ်ခရီးသတင်းမှာ ဖော်ပြထားပါတယ်။ နေ့ချင်းပြန်ခရီးစဉ်အဖြစ်  တာချီလိတ်မြို့ရှိ တာလော့ဈေး၊ ဘုရင့်နောင်ရုပ်တု၊ မဟာမြတ်မုနိ ဘုရားကြီး၊ ၀မ်ကောင်းဈေး၊ ကိုးမြို့ရှင်နတ်နန်း၊ ရွှေတိဂုံစေတီတော်၊ မြို့လယ်ဓမ္မာရုံ၊ ပဒေါင်ကျေးရွာ၊ နဂါးနှစ်ကောင် ဆရာတော်ကျောင်း၊ ကွမ်ရင်မယ်တော် တရုတ်ဘုံကျောင်း၊ ကျောက်တန်းဈေးတွေကို သွားရောက်လည်ပတ်ကြပါတယ်။ ညအိပ်ခရီးစဉ် လာရောက်လည်ပတ်ကြတဲ့ နိုင်ငံခြားသား ခရီးသွားဧည့်သည်တွေကတော့ မိုင်းဖြတ်မြို့က မြတ်စွာဘုရားခြေတော်ရာစေတီ၊ ဈေးတန်းကြီး ဘုန်းကြီးကျောင်း၊ သမိုင်းဝင် ဆုတောင်းပြည့် ဆံတော်ရှင်စွန်တောင်းစေတီ၊ ကျိုင်းတုံမြို့အ၀င် ဗုဒ္ဓဥယျာဉ်၊ ကျိုင်းတုံမြို့က မဟာမြတ်မုနိ၊ ဟိုခုံ ကျောင်း၊ မြဘုရားကျောင်း၊ ကျိုင်းရင်းဘုန်းကြီးကျောင်း၊ ၀ပ်အင်းကျောင်း၊ စွန်တောင်စေတီ၊ ကျော့မ်ဆရီစေတီ၊ ရမ်ကုန်းကျောင်း၊ ပါလျန်ကျောင်း၊ ရပ်တော်မူ၊ သစ်တစ်ပင်တောင်၊ ကမ္ဘာအေး စေတီ၊ စံပြယန်းလောကျေးရွာ၊ ကတ်တောင်ကျေးရွာအနီးက ကိုးထပ်ရေ တံခွန် စတဲ့ အထင်ကရ နေရာတွေကို သွားရောက်လည်ပတ်ခဲ့ကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024