Wednesday, June 7, 2023
HomeLead Storyမူးယစ်ဆေးဝါးရောင်းဝယ်မှုတွင် ၀န်ထမ်းများ ပါဝင်နေဟု သမ္မတပြော

မူးယစ်ဆေးဝါးရောင်းဝယ်မှုတွင် ၀န်ထမ်းများ ပါဝင်နေဟု သမ္မတပြော

မူးယစ်ဆေးဝါးရောင်းဝယ်မှုတွေမှာ တချို့ဝန်ထမ်းတွေ ပါဝင်ပတ်သက်နေပြီး ဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ သမ္မတ ဦးဝင်းမြင့်က ပြောကြားလိုက်ပါတယ်။

ဒီဇင်ဘာ ၁၅ ရက် မနက် ၉ နာရီခွဲက ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဇွဲကပင်ခန်းမမှာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ၀န်ကြီးတွေ၊ ဌာနဆိုင်ရာတွေ့နဲ့ တွေ့ဆုံပွဲမှာ သမ္မတက ပြောခဲ့တာပါ။

“မူးယစ်ဆေးဝါးဟာ ကျနော်တို့ နိုင်ငံသူ နိုင်ငံသားတွေရဲ့ အနာဂတ် မျိုးဆက်သစ်တွေ ကို လူမျိုးတုံးစေရုံတင်မဟုတ်ပါဘူး၊ လူသားစွမ်းရည် အရင်းအမြစ်တွေ ဆုံးရှုံးပါတယ်။ ကျနော်တို့ ဖွံ့ဖြိုးတိုးတက်မှုအတွက် အများကြီး ထိခိုက်ပါတယ် မူးယစ်ဆေးဝါးက။ စိတ်မကာင်းစရာရှိတာက ဘာလဲလို့ပြောရင် တချို့ဝန်ထမ်းတွေ ပါဝင်ပတ်သက်နေတာ။ ဒါ ကျနော် ပွင့်ပွင့်လင်းလင်းပြောတာ။ ကျနော်တို့တိုင်းပြည်ကို ဒီလောက်ဒုက္ခပေးမယ့် အနာဂတ်မျိုးဆက်တွေကို လူမျိုးတုံးစေမယ့်ဟာတွေကို ကိုယ်ပိုက်ဆံရရင်ပြီးရော ကိုယ့်စားဝတ်နေရေး ပြေလည်ရင်ပြီးရော ကိုယ်ချမ်းသာပြီးရော ဒီလိုစိတ်ထားနဲ့ လုပ်ကြမှာလား။ မူးယစ်ဆေးဝါး ရောင်းတဲ့ ၀ယ်တဲ့သူတွေ လုပ်တာ ကျနော်စိတ်မကောင်းမဖြစ်ဘူး။ နိုင်ငံ့တာဝန်ထမ်းဆောင်နေတဲ့သူတွေက နိုင်ငံတော်ပေါ်မှာ ကျေးဇူးသစ္စာရှိရမယ်။ ဥပဒေ နည်းဥပဒေကိုလေးစားရမယ်၊ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာရမယ်။ အဲဒီပုဂ္ဂိုလ်တွေ ပါဝင်ပတ်သက်တယ်ဆိုတော့ အတော်စိတ်မကောင်းဖြစ်တယ်။”

မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး ပါဝင်ပတ်သက်တဲ့ နိုင်ငံ့ဝန်ထမ်းတွေကိုလည်း မျက်နှာကြီးငယ်မရွေး ဥပဒေနဲ့အညီ အရေးယူသွားမှာဖြစ်ပြီး မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးမှာ အားလုံးပူးပေါင်းပါဝင်ကြဖို့လည်း သမ္မတက ပြောကြားသွားပါတယ်။

လက်ရှိမှာတော့ နိုင်ငံတ၀န်း မူးယစ်ဆေးဝါး အမြောက်အမြား ဖမ်းဆီးရမိနေပါတယ်။ ဖမ်းဆီးရမိမှုတွေမှာလည်း ပိုင်ရှင်မဲ့ ဖမ်ဆီးရမိမှု အများအပြား ဖြစ်ပေါ်နေပြီး ဒီလိုဖြစ်နေတာဟာ ဌာနဆိုင်ရာတွေ ပါဝင်ပတ်သက်နေတာကြောင့်လို့ ပြည်သူတွေက ဝေဖန်နေကြပါတယ်။

ဘားအံမြို့၊ အမှတ် ၆ ရပ်ကွက်နေ ဦးရှားထူဝေါ်က “နိုင်ငံတော်သမ္မတကြီး ပြောတဲ့အတိုင်းဖြစ်လိမ့်မယ့်လို့ ကျနော်ထင်ပါတယ်။ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး ပြတ်ပြတ်သားသား အရေးယူနှိမ်နင်းဖို့လို့ အထူးလိုအပ်တယ်။ မူးယစ်ဆေးဝါးမရှိမှသာလျှင် ဒေသခံတိုင်းရင်းသားအားလုံးရဲ့တရားဥပဒေစိုးမိုးမှုမှာ ကောင်းလာမယ်လို့ထင်တယ်” လို့ ပြောပါတယ်။

တွေ့ဆုံပွဲမှာ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးမဏ္ဍိုင်၊ မူးယစ်ဆေးဝါး၊ အဂတိတိုက်ဖျက်ရေး၊ ပြည်သူ့အခွန်ဘဏ္ဍာငွေ၊ တင်ဒါစည်းမျဉ်းစည်းကမ်း၊ ပြဋ္ဌာန်းထားတဲ့ တည်ဆဲဥပဒေ၊ သိမ်းဆည်းခံလယ်ယာမြေတွေနဲ့ပတ်သက်ပြီး လိုအပ်တာတွေကို လမ်းညွှန်မှာ ကြားခဲ့ပါတယ်။

အဆိုပါတွေ့ဆုံပွဲကို ပြည်ထောင်စုဝန်ကြီးတွေ၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်နဲ့ ၀န်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ ဘားအံ၊ ကော့ကရိတ်၊ မြ၀တီ၊ ဖာပွန်၊ လှိုင်းဘွဲ၊ ကြာအင်းဆိပ်ကြီးနဲ့ သံတောင်ကြီးမြို့တွေက ဌာနဆိုင်ရာဝန်ထမ်းတွေ တက်ရောက်ခဲ့ပါတယ်။

ဒီဇင်ဘာ ၁၄ ရက် မနက်ပိုင်းကလည်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် မွန်ပြည်နယ် မော်လမြိုင်မှာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးတွေ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတွေနဲ့ တွေ့ဆုံခဲ့ပြီး ပြည်နယ်၊ တိုင်းအစိုးရအဖွဲ့တွေ စီမံခန့်ခွဲမှု ညံ့ဖျင်းရင်၊ အုပ်ချုပ်မှု မှားယွင်းရင် ဒီမိုကရေစီ ကျဆုံးသွားနိုင်ကြောင်း သတိပေးစကား ပြောကြားခဲ့ပါတယ်။

ရဲမင်းခေါင်

RELATED ARTICLES
- Advertisment -
Google search engine

Most Popular