DVB Logo
Home
မြန်မာသတင်း
ဖြူးရဲစခန်းတွင် လူငယ် ၁ ဦး သေဆုံး
DVB
·
September 6, 2012
Donate to DVB

စက်တင်ဘာ ၁ ရက်နေ့ညက လောကနတ် စားသောက်ဆိုင်က ဆိုက်ကားစီးပြီး ပြန်လာတဲ့ ကိုလင်းလင်းထက် (ခေါ်) လင်းကိုကိုထက်ဟာ ရဲ ဒု-တပ်ကြပ် ဖိုးစီနဲ့အဖွဲ့က ရဲစခန်းထဲခေါ်သွားပြီး သိပ်မကြာခင်မှာ ဆုံးသွားပါတယ်။

ရဲစခန်းရောက်နေရတဲ့ မောင်ဖြစ်သူကို လိုက်ခေါ်တဲ့ အစ်မဖြစ်သူ ဒေါ်မိခက်က  ရဲစခန်းမရောက်သေးခင် ဆေးရုံကို အရင်ရောက်ပြီး မောင်ဖြစ်သူရဲ့အလောင်းကို တွေ့လိုက်ရတာလို့ ပြောပါတယ်။

“ဆေးရုံရှေ့ရောက်တော့ ရဲတွေလည်း အများကြီးပဲ၊ လူတွေလည်း ရောက်နေပြီ။ ကျမသွားကြည့်တော့ မောင်လေးက အရေးပေါ်ခန်းမှာ သေနေပြီ။ ဒီလိုမျိုးဖြစ်ပြီး သေတယ်လို့ ကျမက မထင်ဘူး။ မထင်တဲ့အနေအထားမှာ နဖူးတဖက်က ဖုတွေထနေတယ်၊ တဖက်ကကွဲနေတယ်။ နှာခေါင်းနဲ့ ပါးစပ်မှာလည်း သွေးတွေစို့နေတယ်။ မျက်နှာမှာလည်း အညိုအမည်းတွေလည်း စွဲနေတယ်။ ”

သေဆုံးသူ အသက် ၂၄ နှစ်အရွယ် ကိုလင်းလင်းထက်ဟာ စားသောက်ဆိုင်က ပြန်လာတဲ့အချိန်မှာ အရက်သောက်ထားပြီး အပြန်မှာ ဆိုင်ရှင်က ဆိုက်ကားပေါ်တင်ပေးလိုက်တာပါ။

ရဲကခေါ်သွားတဲ့အကြောင်းနဲ့ပတ်သက်ပြီး အစ်မဖြစ်သူက “ရဲစခန်းနဲ့ လောကနတ်ဆိုင်က မျက်စောင်းထိုးလောက်ရှိတယ်။ ဆိုက်ကားကွေ့လာတဲ့အချိန်မှာ ရဲက ဘာဖြစ်လာတာလဲလို့. မေးတယ်တဲ့။ သူက မင်းကဘာကောင်မို့ မေးတာလဲဆိုပြီး ပြန်ပြောမှာပေါ့။ အဲစကားအပေါ်မှာ မကျေနပ်တာနေမှာပေါ့။ ရှုပ်တယ်ကွာဆိုပြီး ဆိုက်ကားပေါ်ကနေ ရဲက စခန်းကို ဆွဲခေါ်သွားတယ်။ တွေ့လိုက်တဲ့လူတွေက ပြောတယ်။”

ကိုလင်းလင်းထက်ဟာ သေဆုံးချိန်မှာ ထိုးကြိတ်ခံထားရသလို မျက်နှာပေါ်မှာ ဒဏ်ရာတွေလည်း တွေ့ရတယ်လို့ ဒေါ်မိခက်က ပြောပါတယ်။

ရဲဘက်ကတော့ သူတို့ဆီ ရောက်လာတဲ့အချိန်မှာ အခြေအနေ မလှတော့လို့ ဆေးရုံကို ပို့လိုက်ရကြောင်း ပြောတယ်လို့ ဆိုပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး သေဆုံးသူဘက်က အမှုဖွင့်ဖို့ ကြိုးစားရာမှာ ရဲစခန်းက အမှုဖွင့်ဖို့ လက်မခံဘဲ သေမှုသေခင်း အနေနဲ့ လုပ်ထားတယ်လို့ ဒေါ်မိခက်က ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဖြူးရဲစခန်းကို မေးမြန်းရာမှာ “သူတို့ မိဘတွေလည်း စခန်းမှူးနဲ့ တွေ့တယ်လို့ ပြောတယ်ဗျ။ လောလောဆယ်တော့ စခန်းက သေမှု သေခင်းနဲ့ ဖွင့်ပြီး စုံစမ်းနေတာပါ” လို့ ပြောပါတယ်။
ရဲစခန်းထဲကို ခေါ်သွားတာ၊ ရဲစခန်းထဲမှာ ဘယ်လို ရိုက်နှက်၊ နှိပ်စက်တယ်ဆိုတာကို မျက်မြင်တွေ့ကြ၊ ကြားကြတဲ့ သက်သေတွေလည်း အများကြီး ရှိတဲ့အတွက် ကာယကံရှင် ဒေါ်မိခက်တို့ဘက်မှ ကျူးလွန်သူတွေဘက်ကို တရားစွဲနိုင်အောင် ကြိုးစားနေတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013