ကျိုက်ထီးရိုးစေတီ ကေဘယ်လ်ကား ၁ နှစ်ပြည့်အထိမ်းအမှတ် အခမဲ့ပြေးဆွဲပေး

1.6K
ကျိုက်ထီးရိုးစေတီတောင်တက် ကေဘယ်လ်ကား တနှစ်ပြည့်အထိမ်းအမှတ်အဖြစ် အခမဲ့ ပြေးဆွဲပေးမယ်လို့ ကုမ္ပဏီက ပြောပါတယ်။
ဒီဇင်ဘာ ၁၅ ရက်နေ့မှာ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကျိုက်ထီးရိုးစေတီတော်မှာ တည်ရှိတဲ့ ရသေ့တောင်ကနေ ကျိုက်ထီးရိုးစေတီတောင်ခြေထိ ဖောက်လုပ်ထားတဲ့ ကောင်းကင် ကေဘယ်လ်ကား တနှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဘုရားဖူးပြည်သူတွေကို ညနေ ၅ နာရီကနေ ည ၈ နာရီအထိ အခမဲ့ ပြေးဆွဲသွားမှာလို့ ပြောပါတယ်။
လက်ရှိမှာတော့ ကေဘယ်လ်ကား ၄၄ စင်း မောင်းနှင်နေပြီး တခေါက်စီးလျှင် တဦးကို ကျပ် ၄၀၀၀ သတ်မှတ်ထားပြီး အသွားအပြန်ကိုတော့ ကျပ် ၆၀၀၀ ပေးရမှာ ဖြစ်ပါတယ်။
ကေဘယ်လ်ကားစီမံကိန်းကို Sky Asia ကုမ္ပဏီက ကျိုက်ထီးရိုးတောင် ဘေးမဲ့တော မြေ (၁၃.၅) ဧကပေါ်မှာ တည်ဆောက်ထားပြီး အမေရိကန်ဒေါ်လာ ၂၂ သန်းကျော် ရင်းနှီးမြှုပ်နှံထားတယ်လို့ ပြောပါတယ်။
ကောင်းကင်ကေဘယ်လ်ကားပြေးဆွဲတဲ့ တနှစ်ပြည့်ချိန်မှာ အရှုံးပေါ်နေပေမယ့် မန္တလေး နဲ့ ပုဂံဒေသမှာ တိုးချဲ့ပြေးသွားဖို့ ရှိတယ်လို့ ကုမ္ပဏီ မန်နေးဂျင်းဒါရိုက်တာက ပြောပါတယ်။
ဒါ့အပြင် မနက် ၅ နာရီကနေ ညနေ ၆ နာရီအချိန်အထိ ပြေးဆွဲနေတဲ့ ကေဘယ်လ်ကားကို ညပိုင်းတွေဖြစ်တဲ့ ည ၆ နာရီကနေ ည ၁၀ နာရီအထိ အချိန်တိုးချဲ့ ပြေးဆွဲသွားမယ်လို့ ဆိုပါတယ်။
ကိုရီယားနိုင်ငံပိုင် Sky Asia ကုမ္ပဏီက နှစ် ၅၀ စီမံကိန်း လုပ်ဆောင်သွားဖို့ မြန်မာ ကိုရီးယား ၂ နိုင်ငံ သဘောတူထားတာလို့ သိရပါတယ်။