Home
မြန်မာသတင်း
စင်ကာပူက မြန်မာများ တရားဝင်ဘဏ်များတွင်သာ ငွေလဲရန် သံရုံး သတိပေး
DVB
·
December 15, 2018
စင်ကာပူနိုင်ငံမှာ အလုပ်လုပ်နေကြတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ တရားဝင်ခွင့်ပြုချက်ရထားတဲ့ ဘဏ်တွေ လိုင်စင်ရ ငွေလဲကောင်တာတွေမှာပဲ ငွေလဲလှယ်ကြဖို့ မြန်မာသံရုံးက သတိပေးနှိုးဆော်ထားပါတယ်။ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိပြီး ငွေလဲတဲ့အခါမှာလည်း အစိုးရက တရားဝင်ခွင့်ပြုထားတဲ့ဘဏ်တွေ လိုင်စင်ရငွေလဲကောင်တာတွေမှာပဲ ငွေလဲကြဖို့လည်း သံရုံးသတိပေးချက်မှာ ဖော်ပြထားပါတယ်။ ဒီဇင်ဘာလဆန်းပိုင်းမှာ ဒိုက်ဦးမြို့နယ်က နော်သော့သွဲ့ထူးဆိုသူဟာ စင်ကာပူနိုင်ငံမှာ အိမ်အကူလုပ်အားခအဖြစ် ရလာတယ်ဆိုတဲ့ ကျပ် ၁၀၀၀၀ တန်ငွေစက္ကူအတု လက်ဝယ်တွေ့ရှိမှုနဲ့ အဖမ်းခံရပြီးတဲ့နောက် သံရုံးကြေညာချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၈ ရက်နေ့ကလည်း ရွှေတိဂုံဘုရားပေါ်မှာ ၁ သောင်းတန်ငွေစက္ကူအတု ၄၅ ရွက်ကိုင်ဆောင်မှုနဲ့ စင်ကာပူနိုင်ငံသားနှစ်ဦးကို ဒဂုံမြို့မ ရဲစခန်းက ဖမ်းဆီးခဲ့တဲ့ဖြစ်ရပ် ဖြစ်ပွားခဲ့ပါသေးတယ်။ သူတို့ ၂ ဦးဟာ ငွေစက္ကူအတုကိုင်ဆောင်မှု ပုဒ်မ ၁၀၅၊ ၁၀၆ နဲ့ တရားရင်ဆိုင်နေရတာဖြစ်ပြီး စင်ကာပူနိုင်ငံသား အမျိုးသမီးဖြစ်သူကိုတော့ ကျန်းမာရေးအခြေအနေကြောင့် မနေ့က ကျပ်သိန်း ၁၀၀ နဲ့ အာမခံပေးလိုက်ပြီး အမျိုးသားရဲ့ အာမခံလျှောက်ထားမှုကိုတော့ တရားရုံးက ပယ်ချခဲ့ပါတယ်။ နိုင်ငံတော်သမ္မတရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကတော့ ကျပ် ၁ သာင်းတန်ငွေစက္ကူအတုကိစ္စကို မြန်မာနဲ့ စင်ကာပူ နှစ်နိုင်ငံပူးပေါင်းပြီး ဖြေရှင်းနေတယ်လို့ အပစ်စဉ်သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024