Live
Home
မြန်မာသတင်း
အဓမ္မအလုပ်ခိုင်းစေမှု ပပျောက်ရေးအသိပညာပေးဆွေးနွေးပွဲ မုံရွာမြို့တွင် ပြုလုပ်
DVB
·
December 14, 2018
အဓမ္မအလုပ်ခိုင်းစေမှု ပပျောက်ရေးအသိပညာပေးဆွေးနွေးပွဲကို ILO ကဦးဆောင်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ချင်းတွင်းအင်စတီကျူ့ရုံးမှာ ပြုလုပ်ခဲ့ပါတယ်။ ဒီဇင်ဘာလ ၁၂ ရက်နေ့က ၁၃ ရက်နေ့ထိပြုလုပ်ခဲ့တာဖြစ်ပြီး မြို့နယ် ၁၄ မြို့နယ်က ပြည်သူအချို့ကို အဓမ္မအလုပ်ခိုင်းစေမှု ပပျောက်ရေး အသိပညာပေးဆွေးနွေးခဲ့ပါတယ်။ ချင်းတွင်းအင်စတီကျူ့ရုံးတာဝန်ရှိသူ ဦးကျော်မိုးလှိုင်က “ဒေသတွင်းမှာ စက်ရုံအလုပ်ရုံပဲဖြစ်ဖြစ်၊ ကျန်တဲ့ လုပ်ငန်းတွေမှာပဲဖြစ်ဖြစ် ပြဿနာတစုံတရာဖြစ်ပေါ်လာရင် တည်ဆဲဥပဒေတွေနဲ့အညီ ဖြေရှင်းပေးနိုင်ဖို့ ရည်ရွယ်တာပါ။ ပထမရက်မှာ မုံရွာ၊ အရာတော်၊ ဘုတလင်၊ ချောင်းဦး၊ ဒီပဲယင်း၊ ရေဦး၊ ခင်ဦး၊ ဝက်လက် စတဲ့မြို့နယ်က ကိုယ်စားလှယ်တွေပါတယ်။ ဒုတိယရက်မှာတော့ မြောင်၊ ပုလဲ၊ ကနီ၊ ယင်းမာပင်၊ ဆားလင်းကြီး မြို့နယ်တွေက ကိုယ်စားလှယ်တွေကို သင်တန်းပေးခဲ့တာပါ။”လို့ ပြောပါတယ်။ ဒီဆွေးနွေးပွဲမှာ နိုင်ငံတကာ အလုပ်သမားအဖွဲ့အစည်း (ILO) အကြောင်းမိတ်ဆက်တာ၊ အဓမ္မစေခိုင်းမှုနဲ့ပတ်သက်ပြီး ဆွေးနွေးတာ၊ ILO မှာပြဋ္ဌာန်းချက်တွေ၊ မြန်မာနိုင်ငံရဲ့ အလုပ်ရှင်၊ အလုပ်သမားနဲ့ပတ်သက်တဲ့ တည်ဆဲဥပဒေတွေကို ၂ ရက်တာမှာ အပြန်အလှန် ဆွေးနွေးခဲ့ကြပါတယ်။ “အဓမ္မအလုပ်ခိုင်းစေမှုပပျောက်ရေး ILO ရဲ့စီမံချက်တခုအနေနဲ့ လုပ်တာဖြစ်တယ်။ လူထုလူတန်းစားအားလုံးကို ရည်ရွယ်ပါတယ်။ ဘာလို့လဲဆိုတော့ အဓမ္မအလုပ်ခိုင်းစေမှုက နေရာတိုင်းမှာ ဖြစ်နိုင်တယ်လေ။ ဒီလိုဆွေးနွေးပွဲတွေကိုတော့ မုံရွာတင်မကပါဘူး။ တနိုင်ငံလုံးမှာ လုပ်နေတာပါ” လို့ အဓမ္မအလုပ်ခိုင်းစေမှုပပျောက်ရေးစီမံချက် သင်တန်းရေးရာ ညှိနှိုင်းရေးမှူး ဦးမိုးကျော်က ပြောပါတယ်။ မြန်မာနိုင်ငံမှာ နေရာတော်တော်များများမှာ အဓမ္မအလုပ်ခိုင်းစေမှုတွေက တွေ့မြင်နေရဆဲဖြစ်ပြီး အထူးသဖြင့် ဆင်းရဲတဲ့ လူထု၊ ပညာနည်းပါးတဲ့ လူထုတွေမှာ အဓိကကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံအနေနဲ့လည်း ILO အဖွဲ့ဝင်နိုင်ငံ တနိုင်ငံဖြစ်တာနဲ့အညီ အဓမ္မအလုပ်ခိုင်းစေမှုတွေပပျောက်ရေး အစိုးရ၊ ပြည်သူ၊ အလုပ်ရှင်၊ အလုပ်သမားတွေ အားလုံးပူးပေါင်းပါဝင်ဖို့ လိုအပ်နေပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024