Home
မြန်မာသတင်း
ခွဲခြားဆက်ဆံမှုကြောင့် မသန်စွမ်းသူများ ထောင်ကျသလိုဖြစ်နေဟုဆို
DVB
·
December 14, 2018
မြန်မာနိုင်ငံ လူဦးရေ သန်း ၅ဝ ကျော် ရှိထဲက မသန်စွမ်းသူ ၂ သန်းကျော်ဟာ ခွဲခြားဆက်ဆံခံနေရမှုကြောင့် အကျဉ်းထောင်ကျနေတာနဲ့မခြား ခံစားနေရတယ်လို့ မသန်စွမ်းဖွံ့ဖြိုးရေး ရှေ့ဆောင်အဖွဲ့ ကလေးမြို့ တွဲဖက်ဒါရိုက်တာ ဆလိုင်းဇောဆွာက ပြောပါတယ်။ “ခုဆို မြန်မာပြည် လူဦးရေထဲမှာ ကျနော်တို့ မသန်စွမ်း ၂ သန်း ၃ သိန်း ၂ သောင်းကျော်ဟာ ထောင်ကျနေတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့ မသန်စွမ်းသူတွေအတွက် စိတ်ပိုင်း၊ ရုပ်ပိုင်း၊ မူဝါဒပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာအချက်တွေနဲ့ အတားအဆီးခံထားရတယ်။ ဒါကြောင့် ကျနော်တို့ မသန်စွမ်း ၂ သန်းကျော်ဟာ ထောင်ကျနေသလိုပါပဲ” လို့ ပြောပါတယ်။ မြန်မာနိုင်ငံအနေနဲ့ မသန်စွမ်းသူတွေရဲ့ အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ သဘောတူ စာချုပ်ကို ၂ဝ၁၁ ခုနှစ်၊ ဒီဇင်ဘာ ၇ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ပြီး သဘောတူစာချုပ်ပါ အခွင့်အရေးတွေကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့ မသန်စွမ်းသူတွေရဲ့ အခွင့်အရေး ဥပဒေ(၂ဝ၁၅)၊ မြန်မာနိုင်ငံမသန်စွမ်းသူများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ (၂ဝ၁၆-၂ဝ၂၅) ကို ပြဋ္ဌာန်းခဲ့ပြီးဖြစ်ပါတယ်။ ခုလို နိုင်ငံတော်အစိုးရ ဥပဒေတွေ နည်းဥပဒေတွေ ရေးဆွဲနေပေမယ့် အဲဒီဥပဒေတွေ အသက်ဝင်မှု အားနည်းတယ်လို့လည်း မသန်စွမ်းသူအရေး ဆောင်ရွက်နေသူအချို့က ဆိုပါတယ်။ “ရုပ်ပိုင်းဆိုင်ရာ မူဝါဒတွေမှာဆိုလည်း မသန်စွမ်းတွေအတွက် ဘာတွေအကောင်အထည် ဖော်ထားသလဲ။ လမ်းတွေ တံတားတွေ အဆောက်အအုံတွေ။ စတာတွေမှာ မသန်စွမ်းတွေအတွက် မစဉ်းစားဘဲ လုပ်တယ်၊ မူဝါဒပိုင်းဆိုင်ရာဆိုလည်း အစိုးရမူဝါဒပဲဖြစ်ဖြစ်၊ အလုပ်ခေါ်တာပဲ ဖြစ်ဖြစ် ကျောင်းဆရာလျောက်မယ်ဆို ကိုယ်လက်အင်္ဂါ သန်စွမ်းမှဆိုတာမျိုး ဒါတွေကလည်း တားဆီးတယ်။ နောက်ပြီး ကျန်းမာရေးဌာနကိုသွားတဲ့ခါ ဆေးရုံမှာ မသန်စွမ်းသူအချို့နဲ့ စကားပြောဆက်သွယ်ဖို့ ဟန်ပြဘာသာစကားလိုမျိုး တတ်ကျွမ်းသူကို အလုပ်ခန့်ထားတာမျိုး မတွေ့ရဘူး။ ဒါတွေကလည်း မသန်စွမ်းတွေအတွက် တန်းတူရေးရဖို့ တားဆီးနေတာတွေပဲ။ ဒါတွေကြောင့် လူအချင်းချင်း တူနေတာတောင် ခွဲခြားမှုတွေကြောင့် မသန်စွမ်းတွေက ထောင်ကျခံနေရတယ်” လို့ ဆလိုင်း ဇောဆွာက ဆိုပါတယ်။ အစိုးရ အနေနဲ့ ရှေးဦးအရွယ်ကလေးသူငယ်များ ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး တိုင်းတာစစ်ဆေး ပံ့ပိုးမှုလုပ်ငန်းစဉ်တွေကို ၂ဝ၁၈ ခုနှစ်အတွင်း တိုင်းဒေသကြီး ၃ ခုနဲ့ ပြည်နယ် ၁ ခုရှိ မြို့နယ် ၈ မြို့နယ်ရှိ နေရာ ၉ ခုမှာ ECI Program Pilot Project အနေနဲ့ စတင်ဆောင်ရွက်သွားမှာဖြစ်ပြီး ၂ဝ၁၈-၂ဝ၂ဝ မှာ နိုင်ငံနှင့် အဝှမ်း လွှမ်းခြုံနိုင်ဖို့ ဆက်လက်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ မသန်စွမ်းသူတွေ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီဖွဲ့စည်းမှုမှာလည်း မသန်စွမ်းသူ အမျိုးအစားအလိုက် မသန်စွမ်းကိုယ်စားလှယ်တွေ အဖွဲ့ဝင်တွေအဖြစ် ပါဝင်ဆောင်ရွက်ခြင်းဖြင့် တိုင်းပြည်အနာဂတ် အကျိုးစီးပွားအတွက် မသန်စွမ်းမှုလျော့ချတာ၊ ကူညီထောက်ပံ့တာနဲ့ ကာကွယ်စောင့်ရှောက်မှု လုပ်ငန်းတွေကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်သွားဖို့ ကြိုးစားနေတယ်လို့လည်း ပြည်ထောင်စု လူမှုရေးဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြည်ထောင်စုလွှတ်တော်မှာ ပြောကြားထားပါတယ်။ မင်းရဲစစ်နိုင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024