Home
မြန်မာသတင်း
ဆွမ်ပရာဘွမ် ကိုယ်စားလှယ်ကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ၂ ကြိမ်တိုင် သတိပေး
ရွှေအောင်
·
December 14, 2018
အစီရင်ခံစာနဲ့ မသက်ဆိုင်တာတွေ ဆွေးနွေးတဲ့ ဆွမ်ပရာဘွမ် မဲဆန္ဒနယ်က ဦးလုံဂျုံဆန်မိုင် ကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ၂ ကြိမ်တိုင် သတိပေးလိုက်ပါတယ်။ ဒီဇင်ဘာ ၁၄ရက် ပြည်သူ့လွှတ်တော်မှာ ပြည်သူ့လွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ကျေးလက်လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီရဲ့ အစီရင်ခံစာအပေါ် ဝင်ရောက်ဆွေးနွေးစဉ် သတိပေးခံရတာ ဖြစ်ပါတယ်။ ဦးလုံဂျုံဆန်မိုင်ရဲ့ ဆွေးနွေးချက်တွေဟာ အစီရင်ခံစာနဲ့ မသက်ဆိုင်လို့ ဆိုင်တာပဲ ဆွေးနွေးဖို့ လွှတ်တော်ဥက္ကဋ္ဌက ဝင်ရောက်သတိပေး ပြောဆိုအပြီး ဆက်လက်ဆွေးနွေးရာမှာလည်း မဆိုင်တာတွေဘဲ ဆွေးနွေးနေလို့ နောက်တကြိမ် ထပ်ပြီး သတိပေးခဲ့ရတာ ဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က လွှတ်တော်ဥပဒေ၊ နည်းဥပဒေတွေအတိုင်း ဆွေးနွေးဖို့၊ မဟုတ်ရင် ကိုယ်စားလှယ်အခွင့်အရေး ပိတ်သိမ်းမယ်လို့ ပြင်းပြင်းထန်ထန် သတိပေးပါတယ်။ “ဦးလုံဂျုံဆန်မိုင်ကို ထပ်မံပြီး သတိပေးပါတယ်။ နောင် လွှတ်တော်မှာ လာရောက်ဆွေးနွေးတဲ့အချိန်မှာ လွှတ်တော်ရဲ့ စည်းမျဉ်းစည်းကမ်းဥပဒေ စည်းမျဉ်းစည်းကမ်းဆိုတာ ရှိပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တဦးရဲ့ အခွင့်အရေး ဆုံးရှုံးဖို့ မိမိအနေနဲ့ တားမြစ်နေတာ မဟုတ်ပါဘူး။ စည်းကမ်းသေဝပ်မှုအတွက် မိမိအနေနဲ့ ဒါ သတိပေးနေခြင်းပဲ ဖြစ်ပါတယ်။ ကော်မတီရဲ့ အစီရင်ခံစာအပေါ်မှာ အပြုသဘောမျိုးနဲ့ ဆွေးနွေးလို့ ရပါတယ်၊ လွတ်လွတ်လပ်လပ် ဆွေးနွေးလို့ ရပါတယ်၊ အကြံလည်း ပြုလို့ရပါတယ်။ ဒါပေမယ့်  ဦးလုံဂျုံဆန်မိုင် အနေနဲ့တော့ ဖြစ်ပျက်နေတဲ့ အခြေအနေ မိမိတင်ပြလိုတဲ့ မိမိရဲ့စိတ်ဆန္ဒကိုပဲ အခြေခံပြီး ဆွေးနွေးနေတဲ့အတွက် မိမိအနေနဲ့ တားမြစ်ခဲ့ပါတယ်။ ဒါပေမယ့်လို့ ဒါကတော့ နောင်ကျရင် ဒီလိုပဲ ဥပဒေချိုးဖောက်ပြီး ဆွေးနွေးမယ်ဆိုရင်တော့ လွှတ်တော်ဥက္ကဋ္ဌ တယောက်အနေနဲ့ ဒီအခွင့်အရေးတွေကို အားလုံးပိတ်ပင်သွားမှာ ဖြစ်ပါတယ်။” လွှတ်တော်ဥက္ကဋ္ဌက ပထမအကြိမ် သတိပေးရင်းနဲ့ မိမိပြောလိုတာတွေရှိရင် အဆိုတင် မေးခွန်းမေးလို့ရတဲ့အကြောင်း ပြောခဲ့ပါသေးတယ်။ ဆွမ်ပရာဘွမ် မဲဆန္ဒနယ်က ဦးလုံဂျုံဆန်မိုင်က အစီရင်ခံစာနဲ့ မသက်ဆိုင်တဲ့ သီးစားသမားတွေ မြို့တက်ပြီး ကျူးကျော်နေထိုင်နေကြရတဲ့ အကြောင်းတွေ၊ လယ်မဲ့ယာမဲ့ဖြစ်ပြီး တဖက်နိုင်ငံသွား အလုပ်လုပ်နေကြရပုံတွေ ထည့်သွင်း ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။ ဆယ်ကြိမ်မြောက် ပြည်သူ့လွှတ်တော် ပြန်လည်ကျင်းပကတည်းက ပြည်ထောင်စုအဆင့် ဒုဝန်ကြီးတဦးကို လွှတ်တော်ဥက္ကဋ္ဌက သတိပေးဖူးသလို လွှတ်တော်ကိုယ်စားလှယ်ဖြစ်သူလည်း ဥက္ကဋ္ဌရဲ့ ၂ ကြိမ်တိုင် သတိပေးခံရတာလည်း ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024