Home
မြန်မာသတင်း
မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ ကြေညာချက်ကို တရုတ်ကြိုဆို
DVB
·
December 14, 2018
မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ရဲ့ ထုတ်ပြန်ကြေညာချက်ကို တရုတ်နိုင်ငံက ကြိုဆိုကြောင်းနဲ့ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အစဉ်တစိုက် ထောက်ခံတယ်လို့ ရန်ကုန်၊ တရုတ်သံရုံးက ပြောကြားလိုက်ပါတယ်။ ဒီဇင်ဘာ ၁၃ ရက် ရက်စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ တရုတ်သံရုံးရဲ့ ကြေညာချက်ထဲမှာ မြောက်ပိုင်းမဟာမိတ် ကိုးကန့် (အမ်အန်ဒီအေအေ)၊ တအာင်း (တီအန်အယ်လ်အေ)၊ ရက္ခိုင့်တပ်မတော် (အေအေ) အဖွဲ့ ၃ဖွဲ့တို့ရဲ့ ဒီဇင်ဘာ ၁၂ ရက် ထုတ်ပြန်ကြေညာချက်ကို  တရုတ်နိုင်ငံသံရုံးက ကြိုဆိုတယ်။ အဲ့ဒီသဘောထားထုတ်ပြန်ကြေညာချက်အပေါ် မြန်မာနိုင်ငံငြိမ်းချမ်းရေး ကောင်မရှင်က အပြုသဘော ဆောင်တဲ့ တုံ့ပြန်ချက်ပေးခဲ့တာကိုလည်း သတိပြုမိတယ်။ ဒီသဘောထားထုတ်ပြန်ကြေညာချက်ဟာ အဘက်ဘက်က ငြိမ်ချမ်းစွာတွေ့ဆုံဆွေးနွေးမှုများ ကတဆင့် သက်ဆိုင်ရာပြဿနာတွေကို ဖြေရှင်းနိုင်ဖို့၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့အတွက် ကောင်းမွန်တဲ့ အခင်းအကျင်းကို ဖန်တီးနိုင်ဖို့  မျှော်လင်ယုံကြည်ထားတယ်လို့ ဖော်ထားပါတယ်။ မြန်မာနိုင်ငံ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို တရုတ်နိုင်ငံက အစဉ်တစိုက် ရပ်တည်ပေးပြီး မြန်မာနိုင်ငံရဲ့ လိုအပ်ချက်အရ တတ်နိုင်သမျှ ဆက်လက်ကူညီထောက်ပံ့ဖို့ ဆန္ဒရှိတယ်လို့လည်း တရုတ်သံရုံးထုတ်ပြန်ချက်က ဖော်ပြထားပါတယ်။ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ရဲ့ ထုတ်ပြန်ချက်ထဲမှာ မျက်မှောက်ကာလ မြန်မာအစိုးရဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ တနိုင်ငံလုံးငြိမ်းချမ်းရေးကို အကောင် အထည်ဖော်ဆောင်ရွက်ဖို့  အပြုသဘောဆောင်တဲ့ ကြိုးပမ်းမှုကို ကြိုဆိုထောက်ခံတယ်။ နိုင်ငံတော်အစိုးရ၊ တပ်မတော်တိုနဲ့အတူ လက်ရှိဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခနဲ့ နိုင်ငံရေး ပြဿနာတွေကို တွေ့ဆုံဆွေးနွေးမှုများကတဆင့်ဖြေရှင်းနိုင်ဖို့  ဆန္ဒရှိပါတယ်။ ငြိမ်းချမ်းရေးရရှိရေးဆောလျင်စွာ ဖော်ဆောင်နိုင်ဖို့နဲ့ကောင်းမွန်တဲ့ ငြိမ်းချမ်းရေးအခင်းအကျင်းကို ဖန်တီးနိုင်ဖို့ အတွက် မြောက်ပိုင်း ၃ ဖွဲ့ဟာ စစ်ရေးဆိုင်ရာဆောင်ရွက်မှုများကို ဦးစွာရပ်တန့်ပြီး စစ်ရေးနည်းလမ်းမှအပ နိုင်ငံရေးနည်းလမ်း အရဆောင်ရွက်ဖို့ ဆန္ဒရှိပါတယ်လို့ ဖော်ပြထားပါတယ်။ တရုတ်နိုင်ငံရဲ့ ကြားဝင်ကူညီပေးမှုနဲ့ အစိုးရငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင်တွေနဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ကိုယ်စားလှယ်တို့ တရုတ်နိုင်ငံမှာ ဒီဇင်ဘာ ၁၂ ရက်က တွေ့ဆုံဆွေးနွေးမှုအပြီးမှာ မြောက်ပိုင်း ၃ ဖွဲ့ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ နိုင်ငံရေးနည်းလမ်းနဲ့ ဆက်လက်ပါဝင်သွားမယ်ဆိုပြီး ကြေညာချက်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ဒီကြေညာချက်အပေါ် ငြိမ်းချမ်းရေးကော်မရှင်ကလည်း ကြိုဆိုလိုက်ပြီး မြောက်ပိုင်းအဖွဲ့တွေနဲ့ ဆက်လက်ဆွေးနွေးညှိနှိုင်းသွားမယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ တရုတ်အစိုးရဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အာရှရေးရာအထူး ကိုယ်စားလှယ် မစ္စတာစွန်းကော်ရှန်းကို မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် အထူးခန့်အပ်ပြီး ကူညီ လုပ်ဆောင်ပေးနေတာလည်း ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024