ဂေါ်ဖီထုပ်များအတွင်း ခိုးဝှက်သယ်လာသည့် စိတ်ကြွဆေး ၂ သန်း ထိုင်းရဲ ဖမ်းဆီး

ဓာတ်ပုံ - chiangmainews
ထိုင်းနိုင်ငံမြောက်ပိုင်း လမ်းပန်းခရိုင်ထဲမှာ ဂေါ်ဖီထုပ်တွေထဲ ခိုးဝှက်သယ်ဆောင်လာတဲ့ စိတ်ကြွဆေးပြားပေါင်း ၂ သန်းလောက် ဖမ်းဆီးရမိတယ်လို့ လမ်းပန်းခရိုင် ရဲတပ်ဖွဲ့က ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ လမ်းပန်းခရိုင် မယ့်ဖလိတ်မြို့နယ် ဖရပတ်ဝမ်းတုန်းလမ်းမကြီးပေါ်မှာ မနေ့ည သန်းခေါင်ယံက ရဲနဲ့ စစ်တပ်တို့ ပူးပေါင်းပြီး နယ်မြေတွင်း စစ်ဆေးစောင့်ကြပ်စဉ် ၁၂ နာရီ ၁၀ မိနစ်လောက်မှာ ဂေါ်ဖီထုပ်တွေ အပြည့်တင်ထားတဲ့ အဖြူရောင် တိုယိုတာဟိုင်းလပ်ကား တစီးဟာ ထိန်းမြို့နယ်ဘက်ကနေ တာ့ခ်ခရိုင်ဘက်ကို ဦးတည်မောင်းနှင်လာလို့ တာဝန်အရ စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။ တာဝန်ရှိသူတွေက ယာဉ်မောင်းသူကို ယာဉ်မောင်းလိုင်စင် တောင်းကြည့်ရာမှာ သူက အယောင်ယောင်အမှားမှားနဲ့ အေတီအမ်ဘဏ်ကတ်ကို ထုတ်ပေးပြီး အနားထိုင်လာတဲ့ အမျိုးသမီးတဦးကလည်း တာဝန်ရှိသူတွေရဲ့အမေးကို အမူအရာပျက်ပြီး ဖြေဆိုခဲ့တာကြောင့်  ကားပေါ်ပါလာတဲ့ ဂေါ်ဖီထုပ်တွေကို စစ်ဆေးခဲ့ကြောင်း၊ အဲဒီဂေါ်ဖီထုပ်တွေကို သံချွန်နဲ့ ထိုးကြည့်ပါက ပျက်စီးကုန်မှာစိုးတဲ့အတွက် x-ray စက်ပေါ် ဖြတ်သန်းမောင်းနှင်စေခဲ့ရာက ဂေါ်ဖီထုပ်တွေကြားထဲမှာ မသင်္ကာဖွယ် အရာဝတ္ထုတွေ ရှိနေတာကို တွေ့ရတာလို့ မယ့်ဖလိတ်နယ်မြေ ရဲစခန်းက ဒုရဲမှူး ဖောဖွန်း ခေးဆိုင်ကျိုင်က ပြောပါတယ်။ တာဝန်ရှိသူတွေက ဂေါ်ဖီထုပ်တွေ ဖယ်ရှားကြည့်ရာမှာတော့ အောက်မှာ အစိမ်းရောင် ဓာတ်မြေသြဇာအိတ် ၁၀ လုံးထဲ ထည့်လာတဲ့ စိတ်ကြွဆေးပြား အလုံးရေ ၂ သန်းလောက်ကို ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။ ယာဉ်မောင်းသမားဟာ အသက် ၃၇ နှစ်ရွယ်ရှိ နိုင်းယင့်ကျလွန်းနဲ့ ဘေးကလိုက်လာတဲ့ အမျိုးသမီးက အသက် ၃၀ ရွယ် နန်းဆီရီနန်တို့ ဖြစ်တယ်လို့ ပြောပါတယ်။ နိုင်းယင့်ကျလွန်းက အဲဒီမူးယစ်ဆေးတွေကို ပထုန်ဌာနီခရိုင် တလတ်ထိုင်းဈေးကို အရောက်ပို့ပေးဖို့ အခကြေးငွေယူပြီး မဲ့ကျဲမ်ကနေ သယ်ဆောင်ခဲ့ကြောင်း၊ ၂ ခေါက်ရှိသွားပြီဖြစ်ပြီး သယ်ဆောင်ခ တခေါက်ကို ဘတ် ၃ သောင်းရတယ်လို့ ဝန်ခံသွားပါတယ်။ တာဝန်ရှိသူတွေက သူတို့နှစ်ဦးကို မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုနဲ့ အရေးယူသွားမှာဖြစ်ပြီး မူးယစ်ဆေးလာရာလမ်းကြောင်း ကွင်းဆက်တွေကိုလည်း စစ်ဆေးဖော်ထုတ်သွားမယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up