စားသောက်ကုန်များ ဘေးကင်းလုံခြုံရေး မြန်မာ/အင်္ဂလိပ်နှစ်ဘာသာဖြင့် ဖော်ပြရန် ရှင်းလင်း
Aung Ko Latt
·
December 13, 2018
စားသုံးသူဘေးကင်းလုံခြုံရေးအတွက် စားသောက်ကုန်တွေမှာ မြန်မာ/အင်္ဂလိပ်နှစ်ဘာသာ ဖော်ပြကြဖို့နဲ့ သတ်မှတ်ကာလ ပြီးဆုံးပြီး မလိုက်နာပါက အရေးယူသွာမယ်လို့ မုံရွာစားသုံးသူရေးရာဌာနက ပြောကြားလိုက်ပါတယ်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးရေးရာဌာနကနေ စားသုံးသူ ဘေးဥပါဒ်အန္တရာယ်ကင်းရှင်းရေးနဲ့ စိတ်ကျေနပ်မှုရှိစေရေး၊ လုံခြုံစိတ်ချရတဲ့ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းတွေ၊ အရည်အသွေးမြင့်မားတဲ့ ကုန်စည်နှင့် ဝန်ဆောင်မှုလုပ်ငန်းတို့ ရရှိသုံးစွဲ စေနိုင်ဖို့ ရည်ရွယ်ကာ စားသုံးသူတွေရဲ့ ဘေးကင်းလုံခြုံရေးအတွက် မြန်မာဘာသာ၊ မြန်မာ- အင်္ဂလိပ်ဘာသာတွေနဲ့ ဖော်ပြနိုင်ရေးအတွက် ဖော်ပြဖို့ အမိန့်ကြေညာချက် ၁ စောင်ကို အောက်တိုဘာ ၂၆ ရက်နေ့က ထုတ်ပြန်ခဲ့ပြီးနောက် စတင်အသက်ဝင်တော့မှာမို့ မုံရွာခရိုင် စားသုံးသူရေးရာက ဒေသတွင်း လုပ်ငန်းရှင်တွေကို ဒီနေ့ ခေါ်ယူကာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့တာပါ။
“အဓိကကတော့ အမိန့်ကြေညာစာကိစ္စကို အသိပေးရှင်းလင်းတာပါ။ ဒီလို ရှင်းလင်းခြင်း အားဖြင့် တွေ့ဆုံခွင့်တွေ၊ သူတို့ရဲ့ အခက်အခဲတွေ ညှိနှိုင်းဆွေးနွေးနိုင်တယ်ပေါ့။ အမိန့်ကြေညာချက်ကတော့ အောက်တိုဘာလ ၂၆ ရက်က စတင်ခဲ့တယ်။ ၆ လဆိုရင် အသက်ဝင်မှာပေါ့။ မလိုက်နာရင် စားသုံးသူအကာအကွယ်ပေးရေး ဥပဒေပုဒ်မ ၁၉ အရ အရေးယူခြင်းခံရမှာပါ။” လို့ မုံရွာခရိုင် စားသုံးသူရေးရာဦးစီးဌာန လ/ထညွှန်ကြားရေးမှူး ဒေါ်ရီလင်းထွဋ်က ပြောပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စားသုံးသူရေးရာကိစ္စ အငြင်းပွားမှု ၁၃ မှုရှိခဲ့ပြီး မုံရွာခရိုင်ကတော့ ၁ မှုသာရှိခဲ့တယ်လို့ ဆိုပါတယ်။
စားသုံးသူရေးရာဦးစီးဌာနမှာ စားသုံးသူအငြင်းပွားတိုင်ကြားမှုနှင့် ပြန်ကြားရေးဌာနကိုလည်း ဖွင့်လှစ်ထားရှိပြီး တိုင်ကြားစာတွေကို လက်ခံဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။
တိုင်ကြားမှုတွေကို ဥပဒေနဲ့အညီ ဖြေရှင်းပေးနေပြီး ခရိုင်မြို့တွေမှာလည်း စားသုံးသူ သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးဌာနတွေကိုလည်း ဖွဲ့စည်း လုပ်ဆောင် နေတယ်လို့ ဆိုပါတယ်။ တိုင်းအတွင်းရှိ ကျောင်းတိုင်း၊ ဈေးတိုင်း၊ ရပ်ကွက်တိုင်းမှာ စားသုံးသူအဖွဲ့တွေ ဖွဲ့စည်းထားတယ်လို့လည်း ဆိုပါတယ်။