နယူးဒေလီမြို့တွင် မျောက်အုပ်များ မင်းမူသောင်းကျန်း (ရုပ်သံ)
Published By
DVB | 13 December, 2018
1.4K
0
Share
0
Comment
0
Likes
အိန္ဒိယနိုင်ငံရဲ့ မြို့တော် နယူးဒေလီမှာ မျောက်အုပ်တွေ မင်းမူနေပြီး သမ္မတနန်းတော် အပါအဝင် အစိုးရရုံး အဆောက်အဦတွေကြား ခုန်ပေါက် ပြေးလွှားနေကြပါတယ်။
မျောက်ကောင်ရေ ၄,၀၀၀ နဲ့ ၅,၀၀၀ ကြား ရှိတယ်လို့ ခန့်မှန်းရပြီး သူတို့ဟာ လူတွေဆီက အစားအသောက်ကို လုယူ၊ ဓာတ်ကြိုးတွေကို ကိုက်ဖြတ်၊ ပြတင်းပေါက်ကနေ ရုံးစာရွက်စာတမ်းတွေ နှိုက်ယူဆွဲဖြဲတတ်ပါတယ်။
“ကျမတို့ အစားအသောက်တွေ စားလို့မရဘူး။ အပြင်ကနေ အစားအသောက်ယူလာပြီး စားလို့မရဘူး။ မိုဘိုင်းဖုန်းဖြစ်ဖြစ် ပစ္စည်းတခုခု ယူလာတာနဲ့ သူတို့က လုယူတော့တာပဲ။ သူတို့ရှိနေရင် အစားအသောက်စားဖို့တော့ လုံးဝ မစဉ်းစားနဲ့” လို့ ပို့ဆောင်ရေးဌာန ဝန်ထမ်း ပရီယာဆင်းက ပြောပါတယ်။
ဒီအတွက် အိန္ဒိယအာဏာပိုင်တွေဟာ မကြာသေးခင်က မျောက်ဖမ်းသူ ၄၀ လောက် ငှားရမ်းခဲ့ပြီး သောင်းကျန်းနေတဲ့ မျောက်တွေကို ခြောက်လှန့်ခဲ့ပါတယ်။
အဲဒီမျောက်ဖမ်းသူတွေကတော့ အစဉ်အလာအရ မျောက်ဖမ်း၊ လမ်းပေါ်မှာ မျောက်ပြပွဲလုပ်ပြီး ဝမ်းစာရှာကြတဲ့ ကယ်လန်ဒါ မျိုးနွယ်စုဝင်တွေပဲ ဖြစ်ပါတယ်။
တချို့ကလည်း ဒီပြဿနာကို အစာမကျွေးတဲ့ နည်းလမ်းနဲ့သာ ဖြေရှင်းနိုင်မယ်လို့ ဆိုပါတယ်။
တိရစ္ဆာန်အခွင့်အရေး တက်ကြွလှုပ်ရှားသူ ကာတစ် ဆာရန်း နာတာယန်က “လူတွေအနေနဲ့ မျောက်တွေကို အစာမကျွေးတော့မှ ဒီပြဿနာကို ဖြေရှင်းနိုင်မှာပါ။ မျောက်တွေကို လုံးဝ အစာမကျွေးပါနဲ့။ တခါကျွေးမိတာနဲ့ နောက်ဆို တချိန်လုံး တောင်းနေလိမ့်မယ်။ နောက်ပြီး အမှိုက်တွေမပစ်ရဘူး ဆိုတာကို နားလည်ဖို့လိုပါတယ်။ အမှိုက်တွေရှိနေမယ်၊ စားစရာတွေ ရှိနေမယ်ဆိုရင် သူတို့က တလွဲသဘောပေါက်လိမ့်မယ်။ ဒီပြဿနာကိုတော့ အချိန်ယူဖြေရှင်းမှပဲ ရနိုင်မှာပါ” လို့ ပြောပါတယ်။
အိန္ဒိယနိုင်ငံတလွှားမှာ မျောက်တွေကို ငှက်ပျောသီးကျွေးတဲ့ မြင်ကွင်းဟာ နေရာတိုင်းလိုလိုမှာ မြင်တွေ့ရပါတယ်။
နိုင်ငံရဲ့လူဦးရေ အများစုဟာ ဟိန္ဒူဘာသာဝင်တွေ ဖြစ်တာမို့ သူတို့ဟာ အဲဒီမျောက်တွေကို ဟာနုမန် မျောက်နတ်မင်းကနေ ဝင်စားလာသူတွေဆိုပြီး ယုံမှတ်နေကြပါတယ်။