ပုဂံသရပါဟိုတယ် အလုပ်သမားသပိတ်စစ်ကြောင်းကို ရဲတပ်ဖွဲ့ ဖြိုခွင်းဖမ်းဆီး (ရုပ်သံ)









2.3K
မန္တလေးတိုင်း ညောင်ဦးမြို့ သရက်ပါဟိုတယ်က အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေကို အလုပ်ပြန်ခန့်ရေး ညောင်ဦးကနေ နေပြည်တော်အထိ ချီတက်မယ့် သပိတ်စစ်ကြောင်းကို ရဲအင်အားအလုံးအရင်းနဲ့ အကြမ်းဖက်ဖြိုခွင်းဖမ်းဆီးခဲ့ပါတယ်။
ဒီကနေ့မနက် ပုဂံသရပါဟိုတယ် အလုပ်သမားသပိတ်စစ်ကြောင်းဟာ ညောင်ဦးမြို့ အထွက်မှာ ရဲအင်အားအလုံးအရင်းနဲ့ ဖြိုခွင်းခံခဲ့ရတာပါ။
ဖမ်းဆီးခံရသူ အလုပ်သမားတဦးက “ပြည်သူ့ရဲတွေပြောပြီး အကြမ်းဖက်ကြတယ်၊ မတရားဘူး။ ကျနော်တို့က ငြိမ်းချမ်းစွာ ချီတက်သပိတ်မှောက်ကြတာပါ။ ဒါကိုအင်အားသုံးပြီး သပိတ်စစ်ကြောင်းကို တားဆီးတာဖြစ်တယ်။ အလုပ်ရှင်ဘက်က လိုက်ကြတယ်။ ဒါဟာ လုံးဝ မတရားဘူး” လို့ ပြောပါတယ်။
အလုပ်သမား သပိတ်စစ်ကြောင်းကို ရဲအင်အားအလုံးအရင်းနဲ့ အကြမ်းဖက်ဖြိုခွဲပြီး ဗကသ ကျောင်းသားများအပါအဝင် အလုပ်သမား ၁၃ ဦးကို အကြမ်းဖက်ဖမ်းဆီးခဲ့ပါတယ်။
အလုပ်သမားသပိတ်စစ်ကြောင်းကို ရဲအင်အားနဲ့ အကြမ်းဖက်ဖြိုခွဲဖမ်းဆီးမှုနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ရဲတပ်ဖွဲ့နဲ့အတူ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကို မေးမြန်းခဲ့ပေမယ့် သတင်း ထုတ်ပြန်ပေးနိုင်ခြင်း မရှိသေးကြောင်းငြင်းဆိုခဲ့ပါတယ်။
ညောင်ဦးမြို့ သရက်ပါဟိုတယ်က အလုပ်ထုတ်ခံ အလုပ်သမားတွေကို အလုပ်ပြန်လည် ခန့်ထားရေးအတွက် အလုပ်သမားတွေဟာ ဟိုတယ်ရှေ့မှာ ရက်ပေါင်း ၆၀ ကျော် သပိတ်စခန်းဖွင့် ဆန္ဒပြခဲ့ကြပါတယ်။
ဒီဇင်ဘာ ၁၀ ရက်နေ့ည ၁ နာရီလောက်က အလုပ်သမားသပိတ်စခန်းကို သက်ဆိုင်ရာက အင်အားသုံးပြီး သွားရောက်ဖျက်သိမ်းခဲ့ပါသေးတယ်။
ဒါကြောင့် ဒီကနေ့ ဒီဇင်ဘာလ ၁၃ ရက်နေ့မနက်မှာဘဲ အလုပ်ထုတ်ခံ အလုပ်သမားတွေ အပါအဝင် အခြားဝန်းရံသူ လူ ၁၀၀ လောက်က ညောင်ဦးမြို့ကနေ မန္တလေးအထိ သပိတ် စစ်ကြောင်းဖွဲ့ ချီတက်ကြတာဖြစ်ပါတယ်။
သတင်း၊ ဓာတ်ပုံ - အောင်အောင်နိုင်၊ ရုပ်သံ - မြင့်နိုင်