သရုပ်ဆောင် မိုးအောင်ရင်ကို ထောင်ဒဏ် ၁၂ နှစ် ထပ်မံချမှတ်
DVB
·
December 12, 2018

မူးယစ်ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ၁၉ (က)နဲ့ တရားစွဲဆိုခံထားရတဲ့ သရုပ်ဆောင် မိုးအောင်ရင်ကို ဒီဇင်ဘာ ၁၂ ရက်နေ့မှာ အရှေ့ပိုင်းခရိုင်တရားရုံးက ထောင်ဒဏ် ၁၂ နှစ် ထပ်မံချမှတ်ခဲ့ပါတယ်။
မူးယစ်ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ၁၉ (က) ရောင်းဝယ်ရန်အလို့ငှာ လက်ဝယ်ထားရှိမှုနဲ့ တရားစွဲဆိုခံထားရတဲ့ တရားခံ ဘုန်းမြင့်အောင်ပါ ၃ ယောက်ကို ဒီဇင်ဘာ ၁၂ ရက်နေ့ အပြီးသတ်အမိန့်ချခဲ့တာပါ။
မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မနဲ့ တရာခံ (၁) ဘုန်းမြင့်အောင်ကို ပုဒ်မ ၁၅ အရ ထောင်ဒဏ် ၃ နှစ် ပုဒ်မ ၁၉(က) အရ အလုပ်နှင့် ထောင်ဒဏ် ၁၂ နှစ်၊ တရားခံ ၂ လူလူသန်းဦးကို ပုဒ်မ ၁၅ အရ အလုပ်နှင့်ထောင်ဒဏ် ၃ နှစ်၊ တရားခံ ၃ သရုပ်ဆောင် မိုးအောင်ရင်ကို ပုဒ်မ၁၉(က)အရ အလုပ်နှင့် ထောင်ဒဏ် ၁၂ နှစ်ကျခံစေဖို့ ရန်ကုန် အရှေ့ပိုင်းခရိုင် တရားရုံးမှာ ဒီဇင်ဘာလ ၁၂ ရက်နေ့က အမိန့်ချမှတ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၆ ရက်နေ့က ပုဇွန်တောင်မြို့နယ်တရားရုံးမှာ သရုပ်ဆောင် မိုးအောင်ရင်ကို ပုဒ်မ ၁၅၊ ပုဒ်မ၁၆ (ဂ) အရ အလုပ်နဲ့ထောင်ဒဏ် ၅ နှစ်ချမှတ်ခဲ့ပါသေးတယ်။
၂ဝ၁၆ ခုနှစ်၊ သြဂုတ်လ ၂၉ ရက်နေ့က မိုးအောင်ရင်ကို အိုက်စ်မူးယစ်ဆေးဝါး ၁ ဂရမ်နှင့်အတူ ပုဇွန်တောင်မြို့နယ်ရှိ သူ့ရဲ့ ရည်စားဖြစ်သူနေအိမ်မှာ ဖမ်းဆီးရမိခဲ့ပြီး မိုးအောင်ရင် နေအိမ်ဖြစ်တဲ့ တာမွေမြို့နယ်နေအိမ်ကို ရဲတပ်ဖွဲ့က သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ရာ မိုးအောင်ရင် သူငယ်ချင်းဖြစ်သူ လူလူသန်းဦးနှင့် ဘုန်းမြင့်အောင် (ခ) ဒေးဗစ်တို့ ၂ ဦးကို ဆေးခြောက် ၁၃၃၄ ဒသမ ၃၃ ဂရမ်နှင့်အတူ ဖမ်းဆီးရမိခဲ့တာပါ။