Home
မြန်မာသတင်း
နမ်းဟူးရွာသားများအား ပစ်​သတ်​ခဲ့သည့်ကိစ္စ RCSS အဖွဲ့ ဝန်​ခံ
DVB
·
December 12, 2018
လွိုင်လင်မြို့နယ်မှာ နမ်းဟူးရွာသား ၅ ဦးအား ပစ်သတ်ခဲ့တာဟာ သူတို့အဖွဲ့ဖြစ်ကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ- ရှမ်းပြည်တပ်မတော် RCSS/SSA အဖွဲ့ ​တောင်​ကြီး ဆက်​ဆံ​ရေးရုံး တာဝန်​ခံ ဗိုလ်မှူးကြီး စိုင်းဦးက ဒီနေ့ ဝန်ခံပြောကြားလိုက်​ပါတယ်​။ “ဖြစ်စဉ်အစကတော့ မသိဘူး၊ ကျနော်တို့သိရတာတော့ အဖြစ်​ပျက်​​နောက်​ပိုင်း​ပေါ့၊ ကျနော်တို့ ရဲဘော်တပ်ဖွဲ့ဝင် သိပ်မများဘူး၊ ၉ ယောက်လောက်ရှိမယ်၊ အဲရွာမှာဖြတ်သွားတော့ ရွာသားက ကျနော်တို့ တပ်ဖွဲ့ဝင်တွေကို ဓားနဲ့ခုတ်တယ်၊ သေနတ်တွေလုတယ်၊ ဒါကြောင့် ဖြစ်သွားတာလို့ပဲ သိတာပါ။” ဓားနဲ့ အခုတ်ခံရတဲ့ RCSS တပ်ဖွဲ့ဝင်ရဲ​​ဘော်​နှစ်ယောက်မှာ ဓားဒဏ်ရာ ရရှိ​ပေမယ့် မစိုးရိမ်ရဘူးလို့ ဆိုပါတယ်​။ ​ဒေသခံတွေက ရွာသားတွေကို ဖမ်းဆီး​ခေါ်​ဆောင်​သွားတာကြောင့် ဖြစ်​သွားတယ်​လို့ ပြောဆိုထားပေမယ့် အဲဒီကိစ္စ ဖြစ်​စဉ်​အစကို မသိရဘဲ ရဲ​ဘော်တွေ ​ဓားခုတ်​ခံရမှသိတယ်​လို့ ဗိုလ်မှူးကြီး စိုင်းဦးက ပြောပါတယ်။ “ဒီကိစ္စကို ​ဖြေရှင်းဖို့ အခုလောလောဆယ်မှာတော့ ဘယ်လိုဖြေရှင်းရမလဲဆိုတာ နည်းလမ်း ရှာနေဆဲဖြစ်ပါတယ်။ တွေ့ဆုံညှိနှိုင်းပြီး အဖြေရှာတာတော့ အကောင်းဆုံးပဲဖြစ်မှာပါ။” လွိုင်မြို့နယ်မှာ လက်နက်ကိုင်အဖွဲ့အစည်း​တွေက ပြည်သူလူထုကို မကြာခဏ သေနတ်နဲ့ ပစ်သတ်မှု ဖြစ်ပွားပြီး တရားဥပဒေစိုးမိုးမှုအ​နေနဲ့ ရဲတပ်ဖွဲ့နဲ့ တပ်​မ​တော်ရှိ​ပေမယ့် လုံလောက်တဲ့ အင်အား မရှိတဲ့အတွက် အရှေ့မှာ​ဖြေရှင်းနေစဉ် အနောက်မှာ ထပ်မံဖြစ်ပွားမှု​တွေ ရှိ​နေတယ်​လို့ လွိုင်လင်​မြို့နယ်​ ရဲတပ်​ဖွဲ့ မြို့နယ်​ ရဲမှူးရဲမြင့်အောင်​က ပြောပါတယ်​။ ဒီဇင်​ဘာလ ၁၁ ရက်​ ည​နေပိုင်း​မှာ ရွာဖွံ့ဖြိုး​ရေးလုပ်​ငန်း ​ရေရရှိ​ဖို့ ​နောင်​ယာဆိုင်းကို ​ရေတက်​သွယ်​တဲ့၊ ​ကျေးရွာအုပ်​ချုပ်​​ရေးမှူး၊ ရုံးစာ​ရေးနဲ့ ရွာသား ၄ ဦးကို လက်​နက်​ကိုင်​အဖွဲ့က နမ်းဟူးရွာက​နေ ဖလိုင်​ဘက်​ကိုဖမ်းသွားတာကို ရွာသား ၆ ဦးက မကျေနပ်တာကြောင့် နောက်​က လိုက်​ရာကနေ စကား​အ​ခြေအတင်​​ဖြစ်ပြီး ပစ်​ခတ်​ကြလို့ ရွာသား ၅ ဦး​သေဆုံးပြီး ၃ ဦး ဒဏ်​ရာရတယ်​လို့ ​ဒေသခံတွေက ဆိုပါတယ်​။ သေဆုံးသူမှာ ခွန်ထွန်းဦး၊ ခွန်တဝင်း၊ ခွန်တမူး၊ ခွန်တဆန်းနဲ့ ခွန်တခဲတို့ ဖြစ်ပြီး ဒဏ်ရာရရှိသူ ၃ ဦးဟာ လွိုင်လင်ဆေးရုံမှာ ၁ ဦး၊ တောင်ကြီး စ၀်စံထွန်းဆေးရုံမှာ ၂ ဦး ဆေးကုသမှုခံယူနေကြောင်း သိရပါတယ်​။ ခွန်​ရာဇာ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024