Homeမြန်မာသတင်း
အမည်မသိလက်နက်ကိုင်အဖွဲ့ ရွာသားများကိုဖမ်းဆီးခေါ်သွားစဉ် ပစ်ခတ်မှုဖြစ်၊ ၅ ဦးသေဆုံး
အမည်မသိလက်နက်ကိုင်အဖွဲ့ ရွာသားများကိုဖမ်းဆီးခေါ်သွားစဉ် ပစ်ခတ်မှုဖြစ်၊ ၅ ဦးသေဆုံး
DVB
·
December 12, 2018
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ် တောင်နောက်ကျေးရွာ အုပ်စု နမ်းဟူး (ဆိုင်ငင်း) ရွာ အုပ်ချုပ်ရေးမှူးအပါဝင် ရွာသားအချို့ကို ဒီဇင်ဘာ ၁၁ ရက်က အမည်မသိ လက်နက်ကိုင်အဖွဲ့ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ပစ်ခတ်မှုဖြစ်ပွားခဲ့တာကြောင့် ရွာသား ၅ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီဇင်ဘာလ ၁၁ ရက် ညနေ ၄ နာရီ အချိန်မှာ အမည်မသိလက်နက်ကိုင်အဖွဲ့ ၁၀ ယောက်ကျော်က နမ်းဟူးရွာသူကြီး၊ ရပ်ကျေးဥက္ကဋ္ဌ အပါအဝင် ရွာသား ၄ ဦးကို ဖမ်းဆီး ခေါ်ဆောင်သွားတာဖြစ်ပြီး ပြန်လွှတ်ပေးဖို့ ရွာသားအချို့ ဖမ်းဆီးခံရသူတွေ နောက်ကို လိုက်သွား ရာကနေ ပစ်ခတ်မှုဖြစ်ပြီး ရွာသား ၅ ဦးသေ၊ ၃ ဒဏ်ရာရရှိခဲ့တယ်လို့ ဒဏ်ရာရရှိခဲ့သူတဦးက ပြောပါတယ်။
“ဘယ်အဖွဲ့ကဆိုတာ ကျနော်တို့မသိလိုက်ဘူး၊ သူတို့ဝတ်စုံဘက်ကိုလည်းမကြည့်မိဘူး။ သူတို့ အကုန်လုံးက ရှမ်းလိုပဲစကားပြောတယ်။ နောက်ကနေလိုက်သွားတဲ့ ကျနော်တောင် သေနတ်သံကြားတာနဲ့ ဘယ်ချိန်ဒဏ်ရာရမှန်းမသိ ဖြစ်သွားတာ။”
ရွာသားတွေကို ဖမ်းဆီးပစ်ခတ်သွားတဲ့အဖွဲ့ဟာ လက်နက်ကိုင်အဖွဲ့ဆိုတာ မသိရှိသေးသလို၊ ဘာကြောင့် ဖမ်းသွားမှန်းလည်း မသိရဘူးလို့ ဆိုပါတယ်။
ဒေသခံရွာသားတဦးကလည်း “သူတို့ ရွာသူကြီးနဲ့ ရပ်ကျေးဥက္ကဋ္ဌကို ဖမ်းသွားတယ်၊ ရွာသား တွေသိတော့ လိုက်သွားတာ သူတို့ရွာသားတဦးကို ချည်ထားရာမှာ အရမ်းနာလို့ထင်တယ် သူက ရုန်းတာပေါ့၊ အဲဒါနဲ့ပစ်လိုက်တာပဲ၊ အဖမ်းခံရသူလည်းထိတယ်၊ အနောက်ကလိုက်လာသူလည်း ထိတာပေါ့” လို့ပြောပါတယ်။
ပစ်ခတ်မှု ဖြစ်ပွားတာကြောင့် ဖမ်းဆီးခေါ်ဆောင်ခံရသူတွေနဲ့ လိုက်သွားတဲ့ ရွာသားတွေ စုစုပေါင်း ၅ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရတယ်လို့ ဒေသခံပြောပြချက်အရ သိရပါတယ်။
သေဆုံးသူတွေက ခွန်တမူး၊ ခွန်တခဲ(ရပ်ကျေး စာရေး)၊ ခွန်တဝင်း၊ ခွန်တဆန်းနဲ့ ရွာသူကြီး ခွန်ထွန်းဦးတို့ဖြစ်ပြီး ဒဏ်ရာရသူ ၃ ဦး လွိုင်လင်ဆေးရုံမှာ ဆေးကုသခံယူနေတယ်လို့ သိရပါတယ်။
နမ်းဟူးရွာသားတွေဟာ ဘယ်လက်နက်ကိုင်အဖွဲ့အစည်းနဲ့မှ ရန်ငြိုးရန်စမရှိပေမယ့်၊ ပြီးခဲ့တဲ့ မေလက မတ်ကျန်းပြည်သူ့စစ် MTA အဖွဲ့နဲ့ ရွာသား မြေယာအငြင်းပွားမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ခွန်ရာဇာ