ဒီမိုကရေစီရေးအတွက် ကူညီခဲ့သည့် အမေရိကန်ကို ကျေးဇူးတင်ကြောင်း ဦးဖြိုးမင်းသိန်းပြော
ပိုင်စိုး
·
December 12, 2018
အမေရိကန်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် နှစ်ပေါင်းများစွာ မိတ်ဆွေရင်းချာ နိုင်ငံတခုအနေနဲ့ အားပေးကူညီခဲ့ပြီး ဒီမိုကရေစီထူထောင်ရေးကို ကြိုးပမ်း ဆောင်ရွက်ပေးနေတာအတွက် ကျေးဇူးတင်တယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ်က ပြောပါတယ်။
မနေ့ညက အမေရိကန်သံအမတ်ကြီးအိမ်မှာလုပ်တဲ့ အမေရိကန်-အာဆီယံ စီးပွားရေး ကောင်စီ ကိုယ်စားလှယ်အဖွဲ့ရဲ့ ညစာစားပွဲမှာ တက်ရောက်ပြောဆိုခဲ့တာပါ။
ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက “အမေရိကန်နိုင်ငံဆိုတာ ကျနော်တို့နိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးအတွက် နှစ်ပေါင်းများစွာ ကျနော်တို့ရဲ့ မိတ်ဆွေရင်းချာနိုင်ငံတခုအနေနဲ့ အားပေး ကူညီခဲ့တာဖြစ်ပါတယ်။ အမေရိကန်ရဲ့ အဓိကကျတဲ့ ကုမ္ပဏီကြီးတွေ၊ တာဝန်ယူ၊ တာဝန်ခံမှုရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ မြန်မာနိုင်ငံမှာလာရောက်ပြီး ရင်းနှီးမြှုပ်နှံဖို့ ကျနော်ဖိတ်ခေါ်ချင် ပါတယ်။ အခုလည်း မြန်မာနိုင်ငံမှာ အမေရိကန်ကုမ္ပဏီကြီးတွေ လာရောက်ရင်းနှီးမြှုပ်နှံနေတာ ရှိပါတယ်။ ရှေ့ဆက်ပြီးတော့၊ တိုးပွားပြီးတော့ ရင်းနှီးမြှုပ်နှံနိုင်ဖို့ မြန်မာနိုင်ငံရဲ့ စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ တိုက်တွန်းလိုပါတယ်” လို့ ပြောပါတယ်။
ဒီမိုကရေစီနိုင်ငံတခုအဖြစ် တည်တံ့ဖို့အတွက် ဖွံ့ဖြိုးတိုးတက်ရေးက အရေးကြီးပြီး မြန်မာ နိုင်ငံ ဒီမိုကရေစီထူထောင်ရေးကို စီးပွားရေးလုပ်ငန်းရှင်တွေ ပူးပေါင်းဆောင်ရွက်ပြီး အမေရိကန်က ကြိုးပမ်းပေးနေတာကို ကျေးဇူးတင်တယ်လို့လည်း ပြောပါတယ်။
“ဒီမိုကရေစီရရှိရေး ရုန်းကန်လှုပ်ရှားတဲ့ ကာလတွေဟာလည်း အလွန်ခက်ခဲပါတယ်။ ဒီမိုကရေစီနိုင်ငံတခုအဖြစ် တည်တံ့နိုင်ဖို့ကြိုးစားခဲ့တဲ့နေရာမှာလည်း ခက်ခဲပါတယ်။ ဒီနေရာမှာ ဖွံ့ဖြိုးတိုးတက်ရေးက အရေးကြီးပါတယ်။ ဒါကြောင့် စီးပွားရေးလုပ်ငန်းရှင်တွေ ကျနော်တို့ မြန်မာနိုင်ငံရဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ထူထောင်ရေးကို အမေရိကန်အနေနဲ့ ကြိုးပမ်းဆောင်ရွက်ပေးနေတာအတွက်ကျေးဇူးတင်ပါတယ်” လို့ ပြောပါတယ်။