DVB Logo
Home
မြန်မာသတင်း
လက်ပန်းတောင်းတောင် ကြေးနီမိုင်းအတွက် ဆန္ဒပြအရေးဆို
DVB
·
September 5, 2012
လက်ပန်းတောင်းတောင် ကြေးနီမိုင်းအတွက် ဆန္ဒပြအရေးဆို
Donate to DVB

လက်ပန်းတောင်းတောင် ကြေးနီမိုင်းက မြေယာသိမ်းတာနဲ့ ပတ်သက်ပြီး ဒီနေ့ ဒေသခံတောင်သူတွေ ရာနဲ့ချီပြီး အရေးဆို ဆန္ဒပြကြပါတယ်။

မုံရွာမြို့ အနောက်ဘက်ကမ်း ညောင်ပင်ကြီးမြို့အနီးက ပုသိမ်မုံရွာလမ်း လမ်းဆုံမှာ ရဲတပ်ဖွဲ့ဝင်တွေ က နေရာယူထားပြီး ရှေ့ဆက်မသွားနိုင်တော့တဲ့အတွက် အဲဒီလမ်းဆုံမှာပဲ လက်ပန်းတောင်းတောင် စီမံကိန်းက မြေယာသိမ်းဆည်းထားမှုအပေါ်ကို ကန့်ကွက် ရှုံ့ချပွဲ ပြုလုပ်ခဲ့တယ်လို့ တောင်သူတွေအရေး လိုက်ပါဆောင်ရွက်ပေးနေတဲ့ ကိုဟန်ဝင်းအောင်က ဒီဗွီဘီကို ပြောပါတယ်။

[caption id="attachment_30382" align="alignright" width="300" caption="ဒေသခံ တောင်သူလယ်သမားများ ဆန္ဒဖော်ထုတ် ချီတက်လာစဉ်(ဓာတ်ပုံ- ဒီဗွီဘီ)"][/caption]

“မြေယာတွေ သိမ်းတဲ့ကိစ္စတွေ၊ မြေစာတွေ ပုံနေတဲ့ကိစ္စတွေကို ရပ်တန်းက ရပ်ဖို့ကို အဆိုတင်သွင်းတယ်။ ဒုတိယအဆင့်ကတော့ ဒီကိစ္စဟာ လယ်တီဆရာတော်ဘုရားကြီးရဲ့ သာသနာ့အောင်မြေ ဖြစ်တယ်။ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုတွေဟာ ကြေးနီ စီမံကိန်းကြောင့် ဖြစ်နိုင် တယ်။ ပြည်သူတွေရဲ့ လယ်ယာမြေကို လျော်ကြေးမပေးဘဲ သိမ်းတယ်။ အဲဒီအတွက် စာနာ နားလည်သူ အားလုံးက ကြေးနီတောင် စီမံကိန်းကို ရပ်ဖို့ကို လက်မှတ်ထိုး ဆန္ဒပြုလွှာတွေကို ဖြန့်ဝေပြီး စတင်ခဲ့ပါတယ်။ တတိယအစီအစဉ်အရတော့ ဦးပိုင် အသက် ၁၄ နှစ်၊ ဦးတရုတ်ကြီး အသက် ၁၄ နှစ်၊ ပုဒ်မ ၁၄၄ တနှစ်ဆိုတဲ့ အခေါင်း ၃ ခေါင်းကို ပုသိမ်-မုံရွာ လမ်းဆုံမှာ လူအင်အား ၄၀၀၀ နဲ့ သင်္ဂြိုဟ်ပြီး ဆန့်ကျင် ရှုတ်ချပွဲကို လုပ်ခဲ့ပါတယ်။”

အဲဒီ ဆန္ဒပြဖော်ထုတ်ပွဲကို လယ်သိမ်းခံထားရတဲ့ တောင်သူတွေနဲ့အတူ အထက်မြန်မာပြည် ဗကသများအဖွဲ့ချုပ်၊ မုံရွာခရိုင်ကျောင်းသားများသမဂ္ဂ၊ နိုင်ငံရေးအကျဉ်းသားမိသားစု အကျိုးဆောင်ကွန်ရက်နဲ့ ရန်ကုန် ပြည်သူ့အကျိုးဆောင်ကွန်ရက်တို့လည်း ပါဝင်ကြပါတယ်။

အရင်က အာဏာပိုင်တွေက ကြေးနီတူးဖော်နေတဲ့ လက်ပန်းတောင်းတောင်ခြေအထိ သွားခွင့်ပြုခဲ့ပေမယ့် ဒီနေ့မှာတော့ မရခဲ့ဘူးလို့လည်း ကိုဟန်ဝင်းအောင်က ဆက်ပြောပါတယ်။

“ဒီနေ့ ထူးခြားချက်ကတော့ အရင်ကဆိုရင် ပုသိမ်-မုံရွာလမ်းမကြီးတလျှောက် သွားခွင့်ရခဲ့ပြီးတော့ ကြေးနီစီမံကိန်းရှိရာ မြေစာတွေပုံနေတဲ့ နေရာထိကို ပြည်သူတွေက သွားခွင့်ရှိခဲ့ပါတယ်။ ဒီနေ့ကတော့ ပုသိမ်-မုံရွာလမ်းဆုံအရောက်မှာတင် သူတို့လုံထိန်းတပ်ဖွဲ့ဝင်တွေနဲ့ ပုသိမ်-မုံရွာကားလမ်းကြီးကို ပိတ်ဆို့ထားခဲ့ပါတယ်။ အဲအတွက် တောင်ခြေထိ သွားခွင့်မရခဲ့ပါဘူး။ ပုသိမ်-မုံရွာလမ်းဆုံလမ်းခွမှာပဲ ဆန္ဒပြပွဲကို စတင်ပြီးတော့ ပြုလုပ်ခဲ့ပါတယ်။”

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းမှာ မြေယာတွေ သိမ်းဆည်းမှုအပေါ်ကို ကူညီဆောင်ရွက်ပေးတဲ့ ပြည်သူ့အကျိုးဆောင် ကွန်ရက်အဖွဲ့ဝင် ကိုဝေလုကို သြဂုတ်လ ၃၁ ရက်နေ့က ဖမ်းဆီးထိန်းသိမ်းထားလိုက်ပြီး ကိုဟန်ဝင်းအောင်၊ ကိုအောင်စိုးတို့ကို ဆားလင်းကြီးမြို့နယ် ရဲစခန်းက တရားစွဲဆိုထားတယ်လို့ သိရပါတယ်။

တောင်သူတွေကို အကူအညီပေးတဲ့သူတွေကို တရားစွဲဆိုထားတဲ့အပေါ် ဆားလင်းကြီးရဲစခန်းကို ဆက်သွယ်စုံစမ်းတဲ့အခါ စခန်းမှူး ဦးလှငွေက ကိုဝေလုတို့ကို တရားစွဲဆိုထားတာ ဟုတ်မှန်ကြောင်း အတည်ပြုပြောဆိုပြီး အသေးစိတ် အချက်အလက်ပြောဆိုဖို့ ငြင်းဆန်သွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013