DVB Logo
Home
မြန်မာသတင်း
ပန်းတနော်မြို့နယ် ရေဘေးအကူအညီ အရေးတကြီးလိုအပ်
DVB
·
September 5, 2012
ပန်းတနော်မြို့နယ် ရေဘေးအကူအညီ အရေးတကြီးလိုအပ်
Donate to DVB

ဧရာဝတီတိုင်း ပန်းတနော်မြို့နယ်မှာ ရေကြီးရေလျှံမှု ဖြစ်ပွားတာ ၁ လကျော်ကြာပြီဖြစ်ပေမယ့် အခုချိန်ထိ ရေမကျသေးလို့ ဒေသခံပြည်သူတွေ စားဝတ်နေရေး အခက်အခဲ ကြုံတွေ့နေရပါတယ်။

ဧရာဝတီတိုင်း ပန်းတနော်မြို့နယ်မှာ မိုးများပြီး မြစ်ရေတက်မှုကြောင့် ပြီးခဲ့တဲ့ ဇူလိုင်လ ကုန်လောက်ကတည်းက ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ပါတယ်။

[caption id="attachment_30369" align="alignleft" width="300" caption="ပုသိမ်မြို့ရေကြီးစဉ်က (ဓာတ်ပုံ- ဦးမောင်မောင်မြင့်)"][/caption]

ဒီရေကြီးမှုကနေ ငါးမွေးမြူရေး အင်းအိုင်တွေ ရေမဆင်းနိုင်ဘဲ အခုချိန်ထိ ရေတင်နေပြီး ဒေသခံတွေ သွားလာရေး၊ လုပ်ကိုင် စားသောက်စရာ နေရာမရှိဘဲ အစားအသောက် အကူအညီတွေ အရေးတကြီး လိုအပ်နေတာလို့ ပန်းတနော်မြို့နယ်ကို သွားရောက်ကူညီနေတဲ့  မြန်မာ့ လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက်အဖွဲ့ဝင် ဦးနေမျိုးဇင်က ပြောပါတယ်။

“သာပေါင်းတို့၊ ရေကြည်တို့ ဘက်က ကျသွားပြီ။ ဒီဘက်က စရေကြီးကတည်းကိုက လေးလက်မ၊ ငါးလက်မလောက်ပဲ ကျသေးတယ်။ ရေထွက်ပေါက်ကို ပေးထားတဲ့ ဆည်တွေ လုံလောက်မှု မရှိတဲ့အတွက်ကြောင့် မိုးရေကျလာတဲ့ရေတွေ ထွက်ပေါက်မရှိလို့ ပိတ်နေတာ။ ဒေသခံတွေ အပြောအရ အဓိကတော့ အင်းတွေ ပိတ်ဆို့ထားတာကြောင့် ရေတွေ မဆင်းတာလို့ပြော တယ်။ တောင်သူတွေလည်း သက်ကြီးစပါးတချို့ကလွဲလို့ အကုန်သေတယ်။ တောင်သူလယ်သမား အများစုပေါ့ သူတို့စိုက်ထားတဲ့လယ်တွေ ဆုံးရှုံးတယ်။ စားဝတ်နေရေးက ရှိတဲ့ ဆန်စပါးလေးနဲ့ ထမင်းစားဖို့ အလွန်ဆုံး တပတ်ပေါ့။ နောက်ပိုင်းဆိုရင် ဆန်ပြုတ်သောက်ရင် သောက်မယ်။ လိုအပ်တာက စားနပ်ရိက္ခာနဲ့ ပိတ်ထားတဲ့ အင်းတွေကို ရေထွက်ပေါက်လေး လုပ်ပေးဖို့ လိုအပ်နေ ပါတယ်။”

ပန်းတနော်မြို့နယ် နမ်းစက်ကျေးရွာ ရွာသားတဦးက ကုမ္ပဏီတွေ ငါးကန်တွေလုပ် မွေးမြူနေတဲ့ အတွက် ဒေသခံတွေ လုပ်စရာနေရာ မရှိတော့သလို ငါးကန် အင်းအိုင်တွေကြောင့် ရေဘေးကြုံနေကြရတာလို့ အခုလို ပြောပါတယ်။

“၉၆၊ ၉၇ ကုမ္ပဏီတွေ ၀င်ပြီးကတည်းက ဆင်းရဲနေတာ။ နမ်းစက်ကျေးရွာက အင်းအိုင်တွေကို အမှီသဟဲ ပြုနေရတာ။ ကုမ္ပဏီတွေကလုပ်တော့ ကျနော်တို့လို့ မရှိဆင်းရဲသားတွေက မလုပ်ရတော့ဘူးပေါ့။ အိမ်တွေလည်း ရေမြုပ်နေတယ်။ ရေပေါက်တွေ ကျင်းတော့ ရေက တော်တော်နဲ့ မကျဘူး။ အဲဒီတော့ ကျနော်တို့မှာ အတိဒုက္ခရောက်နေကြတာ။”

ပန်းတနော်မြို့နယ်မှာ ရွာပေါင်း ၂၀၀ ကျော် နစ်မြုပ်နေပြီး စိုက်ပြီးသား စပါးခင်း ၂ သောင်းကျော်လောက် ရေနစ်မြုပ်ပျက်စီးကုန်တယ်လို့ ဦးနေမျိုးဇင်က ပြောပါတယ်။ ဒါ့အပြင် ရေနစ်မြုပ်ရွာတချို့က  ဒေသခံတွေလည်း အအေးမိဖျားနာတာတွေ ရှိတယ်လို့ ဆိုပါတယ်။
ဧရာဝတီတိုင်းအတွင်းမှာ မိုးများပြီး ရေကြီးရေလျှံမှုကြောင့် ပုသိမ်ခရိုင် သာပေါင်း၊ ကံကြီးထောင့်၊ ကျောင်းကုန်းနဲ့ ပန်းတနော်မြို့နယ်တွေမှာ ရေဘေးဒဏ် အဆိုးဝါးဆုံး ခံနေရတာဖြစ်ပြီး ဒေသခံ တောင်သူလယ်သမားတွေရဲ့ လယ်မြေ ဆုံးရှုံးမှုအပြင် စားဝတ်နေရေး အခက်အခဲပါ ကြုံတွေ့နေရတယ်လို့ လူမှုကယ်ဆယ်ရေး အဖွဲ့တွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013