ဖုန်းကုမ္ပဏီများအနက် MPT က အခွန်အများဆုံးပေးဆောင်ဟု ၀န်ကြီးရှင်းလင်း
ရွှေအောင်
·
December 10, 2018
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) ဟာ တယ်လီဖုန်းကုမ္ပဏီတွေအနက် အခွန်ငွေ အများဆုံးပေးဆောင်ထားတယ်လို့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ပြောပါတယ်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေနဲ့ ၀င်ငွေခွန် ကျပ် ၈၈ဘီလီယံနဲ့ ကုန်သွယ်လုပ်ငန်းခွန် ကျပ် ၅၅ ဘီလီယံ အသီးသီးပေးဆောင်ထားတယ်လို့ ၀န်ကြီးက ဒီနေ့ပြည်ထောင်စုလွှတ်တော်မှာ ပြောခဲ့တာပါ။
ဝန်ကြီးက”ဖုန်းသုံးစွဲသူတွေထံက ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်းကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းဟာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်က စပြီးတော့ ပြည်တွင်း အခွန်များဦးစီးဌာနကို ပေးသွင်းခဲ့ပါတယ်။ ဒါပေမယ့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းဟာ နိုင်ငံတော်ပိုင် အစိုးရအဖွဲ့အစည်းပိုင်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ပြည်တွင်းအခွန်ဦးစီးဌာနက ကြေညာတဲ့ ပုဂ္ဂလိကပိုင်အခန်းကဏ္ဍ၏ ပြည်တွင်းကုမ္ပဏီ နိုင်ငံခြားကုမ္ပဏီများအတွက် ကုန်သွယ်ခွန် လုပ်ငန်းခွန် ပေးဆောင်တဲ့ လုပ်ငန်းရှင်များစာရင်းထဲမှာ ဖော်ပြထားခြင်း မခံခဲ့ရပါဘူး” လို့ ပြည်ထောင်စုလွှတ်တော်မှာ ရှင်းလင်း ပြောကြားခဲ့ပါတယ်။
ဒီဇင်ဘာ ၆ရက် ပြည်ထောင်စုလွှတ်တော်မှာ ဆိပ်ကြီးခနောင်တို မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်က အခွန်ဆောင်တဲ့ စာရင်းမှာ MPT မပါတဲ့အပေါ် မေးခွန်း ထုတ်ခဲ့တာကို ၀န်ကြီးက ဒီနေ့ ပြန်လည် ရှင်းပြခဲ့တာလည်း ဖြစ်ပါတယ်။
၂၀၁၆-၁၇ ဘဏ္ဍာနှစ်အတွင်း MPT က ကုန်သွယ်လုပ်ငန်းခွန် ကျပ် ဘီလီယံ ၅၅၊ ၀င်ငွေခွန်မှာ MPT က ကျပ် ဘီလီယံ ၆၆နဲ့ MPT ရဲ့ မိတ်ဖက် KDDI ကုမ္ပဏီက ကျပ် ၂၂ ဘီလီယံ အသီးသီးပေးဆောင်ခဲ့တာ ဖြစ်ပါတယ်။