အသွင်ကူးပြောင်းရေး အစိုးရဖွဲ့စည်းရန် ဟူသီသူပုန်အဖွဲ့ ဆော်သြ

ယီမင်နိုင်ငံတွင်းက ဟူသီသူပုန်အုပ်စုရဲ့ အဓိက ညှိနှိုင်းရေးမှူးက နိုင်ငံရေးပါတီ အားလုံးပါဝင်တဲ့ အသွင်ကူးပြောင်းရေး အစိုးရ ဖွဲ့စည်းဖို့ ဒီဇင်ဘာ ၈ ရက်က ဆော်သြလိုက်ပါတယ်။ ဆွီဒင်နိုင်ငံမှာ ကျင်းပတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေနဲ့ ဆပ်စပ်အစည်းအဝေးအတွင်း ဟူသီသူပုန်အဖွဲ့ ညှိနှိုင်းရေးမှူး မိုဟမ်မဒ်အဗ်ဒူဆာလမ်က ခုလို ပြောလိုက်တာပါ။ ဆော်ဒီက ကျောထောက်နောက်ခံ ပေးထားတဲ့ ယီမင်အစိုးရနဲ့ အီရန်က ကျောထောက် နောက်ခံပေးထားတဲ့ ဟူသီသူပုန်တွေ တိုက်ခိုက်နေတဲ့ လေးနှစ်ကြာ ယီမင်စစ်ပွဲ အဆုံးသတ်ရေး ညှိနှိုင်းနေတာ ဖြစ်ပါတယ်။ ဟိုဒေးဒါမြို့ကတော့ ဘက်မလိုက်ဇုန်အဖြစ် ကြေညာခံသင့်တယ်လို့ အဗ်ဒူဆလမ်က သတင်းထောက်တွေကို ပြောပါတယ်။ ဆာနာလေဆိပ်ကိုလည်း ပြန်ဖွင့်နိုင်ရေး အားထုတ်မှုအနေနဲ့ ကုလသမဂ္ဂက ပါဝင်ဆောင်ရွက်ပေးရေး ဟူသီတွေက လမ်းဖွင့်ပေးထားတယ်လို့ သူက ဆက်ပြောပါတယ်။ လေးနှစ်ကြာ ယီမင် စစ်ပွဲကြောင့် စီးပွားရေးပြိုလဲခဲ့လို့ နိုင်ငံ့လူဦးရေ ၅၃ ရာခိုင်နှုန်း ဖြစ်တဲ့ လူ ၁၆ သန်းနီးပါး ဆိုးရွားတဲ့ စားနပ်ရိက္ခာ မလုံခြုံမှုကို ခံစားနေရပါတယ်။ တကယ်လို့ ချက်ချင်း အရေးယူဆောင်ရွက်တာ မရှိခဲ့ရင် အငတ်ဘေးဆိုက်မယ့် အန္တရာယ် ရှိတယ်လို့ ယီမင်အရာရှိတွေနဲ့ နိုင်ငံတကာ ပညာရှင်တွေ ကောက်ယူထားတဲ့ စစ်တမ်းတွေက ဆိုပါတယ်။ ကမ္ဘာ့အကြီးဆုံး လူသားချင်း စာနာမှု အကြပ်အတည်းကို အဆုံးသတ်ဖို့ ငြိမ်းချမ်းရေးက တခု တည်းသော နည်းလမ်းပဲလို့ လူသားချင်းစာနာမှု အုပ်စုတွေက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up