DVB Logo
Home
မြန်မာသတင်း
ဖားကန့်စစ်ဘေးရှောင် ဒုက္ခသည်များ ရေဘေးထပ်ကြုံရ
DVB
·
September 5, 2012
Donate to DVB

ကချင်ပြည်နယ် ဖားကန့်မြို့ ဥရုချောင်းရေလျှံပြီး  ရပ်ကွက် ၂ ခုထဲကို ရေတွေဝင်လာတဲ့အတွက် ဒေသခံတွေနဲ့အတူ စစ်ဘေးရှောင်တိမ်းလာတဲ့ ဒုက္ခသည်တွေပါ ရေဘေးဒုက္ခ ထပ်ပြီးကြုံနေရပါတယ်။

ဖားကန့်မြို့ပေါ်က ငှက်ပျောတောနဲ့ အေးမြသာယာရပ်ကွက် ၂ ခုထဲကို မနေ့က ရေ ၆ ပေ၊ ၇ ပေလောက် မြင့်တက်လာတဲ့အတွက် ငှက်ပျောတော နှစ်ခြင်းခရစ်ယာန်ကျောင်းမှာ ခိုလှုံနေတဲ့ စစ်ပြေးဒုက္ခသည်တွေကို ထပ်မံရွှေ့ပြောင်းခဲ့ရတယ်လို့ ကချင်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ညီလာခံကျင်းပရေး ကော်မရှင် ဥက္ကဋ္ဌ ဦးဒါရှီလဆိုင်းက ပြောပါတယ်။

“ကျောင်းဆောင်က ၂ ထပ်ဆောင်ဆိုတော့ ဘုရားကျောင်းဝင်းအပေါ်ကို ဒုက္ခသည်တွေ ပြန်ပို့လိုက်တာပေါ့။ နဂို စစ်ဘေးဒုက္ခသည် ၈၁၇ ဦး နေကြတာ။ အခုက ရေဘေးပါ ဒုက္ခဖြစ်နေတယ်။ ကလေးသူငယ်ဖွံ့ဖြိုးရေး မူကြိုကျောင်း အဆောင် ၁ ဆောင်ရှိတယ်။ အဲအဆောင်နေရာမှာ အပေါ်ထပ် ၁ ထပ်ရှိတယ်။ အောက်ထပ်မှာ ချိုင့်ကျတဲ့နေရာကနေ အပေါ်ထပ်ကို ပြန်ပြောင်းလိုက်တယ်။”

အေးမြယာရပ်ကွက်က နေအိမ်အလုံး ၃၀ ကျော်လည်း ရေလွှမ်းခံရပေမယ့် ပျက်စီးဆုံးရှုံးမှု မများဘူးလို့ ဦးလဆိုင်းက ပြောပါတယ်။ ဒီနေ့မနက်ပိုင်းမှာတော့ ရေ ၄ - ၅ ပေလောက် ပြန်ကျသွားပြီလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လကုန်ပိုင်းကစပြီး ဖားကန့်မြို့နယ်  မှော်မောင်းချောင်းဖျား တ၀ိုက်မှာ အစိုးရတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ)တို့  တိုက်ပွဲတွေ ဖြစ်ပွားတာကြောင့် မှော်မောင်းလျှံ၊ သူဌေးကုန်း၊ မှော်ဝမ်းကြီး၊ မှော်ဝမ်းလေး၊ တောင်ပြို၊ ရှရော်ခ၊ မန်နား၊ ဆိုင်းဂျာဘွမ် စတဲ့ ရွာပေါင်း ၁၀ ကျော်က ဒေသခံနဲ့ မြန်မာပြည်အနယ်နယ်အရပ်ရပ်က လာပြီး ကျောက်တူးနေတဲ့သူတွေ အပါအ၀င် လူပေါင်း ၉ ထောင်ကျော် ဖားကန့်မြို့ပေါ်မှာ လာပြီး ခိုလှုံနေကြပါတယ်။

ဒုက္ခသည်တွေကို မြို့မိမြို့ဖနဲ့ လူမှုကူညီရေး အသင်းအဖွဲ့တွေက  ခရစ်ယာန် ဘုရားရှိခိုးကျောင်းနဲ့ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း စတဲ့နေရာတွေမှာ ဒုက္ခသည်စခန်းပေါင်း ၃၉ ခုဖွင့်လှစ်ပြီး နေရာချထားပေးခဲ့တယ်လို့ ဦးလဆိုင်းက ပြောပါတယ်။

ဒုက္ခသည်တွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရပ်ကွက်သူရပ်ကွက်သားနဲ့ ဘာသာရေး အသင်းအဖွဲ့အစည်းတွေ၊ ကုန်သည်လောပန်းတွေ၊ ဖားကန့်အနီးတ၀ိုက် တာမခံ၊ ဟောင်ပါးနဲ့ လုံးခင်းစတဲ့ ရွာက လာရောက် အကူအညီပေးနေပြီး ဖားကန့်ဆေးရုံက ၀န်ထမ်းတွေလည်း ကျန်းမာရေး လာရောက် စစ်ဆေးပေးတယ်။ စားရေးသောက်ရေးမှာ လောလောဆယ် အဆင်ပြေပေမယ့် ရေရှည် ကူညီနိုင်ဖို့ အခက်အခဲရှိတယ်လို့ ဦးလဆိုင်းက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013