ပြည်ထောင်စုဝန်ကြီးများ လခ တလ ကျပ် ၆ သိန်းသာ ရရှိဟုဆို
DVB
·
September 5, 2012
အရင် စစ်အစိုးရလက်ထက်က ပြဋ္ဌာန်းခဲ့တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေမှာ ပြည်ထောင်စုဝန်ကြီး တဦးရဲ့ လစာကို တလ ကျပ် သိန်း ၃၀ ခံစားဖို့ ပြဋ္ဌာန်းထားပေမယ့် သမ္မတ ဦးသိန်းစိန် အစိုးရ တာဝန်ယူစဉ်ကစပြီး ယနေ့အချိန်ထိ တလ ကျပ် ၆ သိန်းသာ ရယူခံစားနေကြောင်း သမ္မတရုံးဝန်ကြီး ဦးစိုးမောင်က ပြောပါတယ်။
စက်တင်ဘာ ၄ ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ သူက ခုလို ရှင်းပြတာဖြစ်ပြီး ဒုဝန်ကြီးတွေလည်း လစာ ကျပ် သိန်း ၂၀ ပြဋ္ဌာန်းထားပေမယ့် ကျပ် ၄ သိန်းခွဲသာ ရယူခံစားနေတယ်လို့ ပြောပါတယ်။
လက်ရှိ အစိုးရအဖွဲ့မှာ သမ္မတ ရုံးဝန်ကြီး ၆ ဦး ထားရှိတာကို များတယ်လို့ ဝေဖန်တာနဲ့ ပတ်သက်ပြီး သူက အီတလီမှာ ၀န်ကြီးချုပ်ရုံး ၀န်ကြီး ၆ ဦး၊ ထိုင်း ၀န်ကြီးချုပ်ရုံးမှာ ၀န်ကြီး ၃ ဦး၊ စင်ကာပူ ၀န်ကြီးချုပ်ရုံးမှာ ၀န်ကြီး ၃ ဦး၊ လာအို အစိုးရ အဖွဲ့ရုံးမှာ ၀န်ကြီး ၆ ဦး၊ မလေးရှား ၀န်ကြီးချုပ်ရုံးမှာ ၀န်ကြီး ၆ ဦး၊ ကမ္ဘောဒီးယားဝန်ကြီးချုပ်ရုံးမှာ ၀န်ကြီး ၁၂ ဦးအထိ ခန့်အပ် အလုပ်လုပ်နေတယ်လို့ ရှင်းပါတယ်။