A d v e r t i s e m e n t With Us

တိုင်းနှင့်ပြည်နယ် ၄ ခုတွင် အိပ်ခ်ျအိုင်ဗွီပိုး အသစ်ကူးစက်ခံရနှုန်း မြင့်မားနေဆဲ

အိပ်ခ်ျအိုင်ဗွီပိုး အသစ်ကူးစက်ခံရတာဟာ ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) တို့မှာ တခြားဒေသတွေထက် ပိုမြင့်မားနေပြီး ဦးစားပေးအုပ်စုတွေအတွင်း ကူးစက်ခံရနှုန်း မြင့်နေဆဲဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးက ပြောပါတယ်။ ပြည်သူ့ကျန်းမာရေးဦးစီးဌာနရဲ့ အမျိုးသားခုခံ ကျ/ကာလသားရောဂါ တိုက်ဖျက်ရေးစီမံချက် နှစ်ပတ်လည်လုပ်ငန်း ဆန်းစစ်ဆွေးနွေးပွဲမှာ ပြောကြားခဲ့တာပါ။ ၂၀၁၇ ခုနှစ်အတွက် ဆောင်ရွက်ခဲ့တာတွေကို ပြန်ဆန်းစစ်တာဖြစ်ပြီး ဒီပွဲကို ဒီဇင်ဘာ ၇ ရက်နေ့က နေပြည်တော်မှာ လုပ်ခဲ့ပါတယ်။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက  မြန်မာနိုင်ငံမှာ အိပ်ခ်ျအိုင်ဗွီရောဂါပိုး အသစ် ကူးစက်ခံရတာ (HIV new infections) ဟာ ၂၀၀၀ ပြည့်နှစ်မှာ ၂၈,၀၀၀ လောက်ရှိခဲ့ရာက ၂၀၁၇ ခုနှစ်မှာ ၁၁,၀၀၀ ကျော်အထိ ကျဆင်းလာခဲ့တာ တွေ့ရပေမယ့် AIDS Epidemic Model- AEM (တွက်ချက်မှုပုံစံ) နဲ့ ခန့်မှန်းတွက်ချက်မှုအရ ၂၀၁၇ ခုနှစ်မှာ အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံနေရသူ ဦးရေ ၂၂၇,၀၀၀ လောက်ရှိနေပြီး ရောဂါဖြစ်ပွားမှုနှုန်း (HIV prevalence) ဟာ သုည ဒသမ ၅၇ ရာခိုင်နှုန်းလောက် ရှိနေတယ်လို့ ပြောပါတယ်။ အထူးသဖြင့် မူးယစ်ဆေးအကြောထဲထိုးသွင်းသူတွေ၊ အမျိုးသမီးလိင်လုပ်သားတွေနဲ့ အမျိုးသားချင်း ချစ်ခင်စုံမက်သူတွေ၊ အကျဉ်းကျနေသူတွေ၊ ရွှေ့ပြောင်းလုပ်သားတွေအပါအဝင် အပါအဝင် ဦးစားပေးအုပ်စုတွေအတွင်း အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်ဖို့ အန္တရာယ်ရှိတဲ့ အပြုအမူတွေလုပ်လို့ အဲဒီအုပ်စုတွေမှာ ကူးစက်ခံရတာ မြင့်မားနေဆဲပဲလို့ ပြောပါတယ်။ အိပ်ခ်ျအိုင်ဗွီပိုး အသစ်ကူးစက်ခံရတာဟာ ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) တို့မှာ တခြားဒေသတွေထက် ပိုမိုမြင့်မားနေတာကို သိရှိရတယ်လို့လည်း ပြောပါတယ်။ အိပ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ် လူနာတွေအတွက် ကာကွယ်ရေးနဲ့ ကုသရေးလုပ်ငန်းတွေကို လွန်ခဲ့တဲ့ ၇ နှစ်တာကာလအတွင်း နိုင်ငံတော်အစိုးရက ဘဏ္ဍာငွေတိုးမြှင့်ထောက်ပံ့ပေးတာနဲ့ ကမ္ဘာ့ရန်ပုံငွေ အဖွဲ့၊ အပြည်ပြည်ဆိုင်ရာ လူမှုရေးအဖွဲ့အစည်းတွေရဲ့ အကူအညီတွေကြောင့် ၂၀၁၁ ခုနှစ်မှာ အိပ်ခ်ျအိုင်ဗွီပိုးကူးစက်ခံရသူ ၂ သိန်းကျော်ထဲက လူနာ ၄ သောင်းလောက်ကိုပဲ အေအာရ်တီဆေးနဲ့ ကုသမှုပေးနိုင်ခဲ့ရာက ၂၀၁၇ ခုနှစ်တွင် လူနာပေါင်း ၁၄၆,၀၀၀ ကျော်အထိ ကုပေးနိုင်ခဲ့တယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။ မူးယစ်ဆေး အကြောထဲထိုးသွင်းသူတွေအကြား အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံရတာ လျှော့ချရေးအတွက် တခါသုံးဆေးထိုးအပ်/ဆေးထိုးပြွန်တွေ ဖြန့်ဝေတာနဲ့ မူးယစ်ဆေးအစားထိုး မက်သာဒုန်းဆေးတိုက်ကျွေးတဲ့လုပ်ငန်းတွေကိုလည်း ၂၀၁၇ ခုနှစ်အကုန်မှာ ၅၁ ခု အထိ တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့တယ်လို့ ပြောပါတယ်။ မိခင်က ကလေးကို အိပ်ခ်ျအိုင်ဗွီပိုးကူးစက်တာက ကာကွယ်တဲ့လုပ်ငန်းကို ၂၀၁၀ ခုနှစ်မှာ စတင်ခဲ့ပြီး ၂၀၁၇ ခုနှစ်အကုန်မှာ ၃၁၉ မြို့နယ်အထိ တိုးချဲ့နိုင်သလို ကိုယ်ဝန်ဆောင်မိခင်တွေမှာ အိပ်ခ်ျအိုင်ဗွီ ဖြစ်ပွားမှုနှုန်းဟာ ၂၀၁၇ ခုနှစ်မှာ သုည ဒသမ ၆ ရာခိုင်နှုန်းအထိ ကျဆင်းလာတာကို တွေ့ရတယ်လို့ ပြောပါတယ်။ ဒီလိုမျိုး အိပ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ် လူနာတွေရဲ့ မျှော်မှန်းသက်တမ်းတွေ မြင့်လာလို့ နောက်ဆက်တွဲ ပြဿနာအနေနဲ့ မကူးစက်တတ်တဲ့ နာတာရှည်ရောဂါတွေ ဖြစ်လာနိုင်တာကိုလည်း ထည့်စဉ်းစားရမယ်လို့ ဆိုပါတယ်။ အိပ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ်ရောဂါဟာ ကျန်းမာရေးဗဟုသုတနည်းပါးတာကြောင့်လည်း ကူးစက်ဖြစ်ပွားတာတွေ ဆက်ဖြစ်နေတာကြောင့် ဝန်ကြီးဌာနအနေနဲ့ ကျန်းမာရေးအသိပညာ မြှင့်တင်ရေး လုပ်ငန်းတွေကို အရှိန်အဟုန်မြှင့်နေပြီး အစိုးရမဟုတ်တဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ လူထုအခြေပြု လူမှုအဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍဟာ အလွန်အရေးကြီးတယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။ ပြီးတော့ တနိုင်ငံလုံးရဲ့ အိပ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ်ရောဂါ ဖြစ်ပွားတာနဲ့ ကာကွယ်ကုသရေး အခြေအနေ၊ စာရင်းဇယားအချက်အလက်တွေကို သိရှိလေ့လာဆန်းစစ်နိုင်ဖို့အတွက် INGO တွေအနေနဲ့ မိမိတို့ရဲ့ လုပ်ငန်းဆောင်ရွက်တာတွေနဲ့ စာရင်းဇယားအချက်အလက်တွေ ဝန်ကြီးဌာနကို မျှဝေပေးပို့ကြစေလိုတယ်လို့လည်း ဝန်ကြီးက ပြောခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up