မြန်မာ့ဘောလုံးလောက တိုးတက်ဖို့ ဘာတွေ လုပ်ကြမလဲ

မြန်မာ့လူမျိုးတွေဟာ ဘောလုံး အားကစားကို ရူးသွပ်တဲ့နေရာမှာ ကမ္ဘာ့အဆင့်ရှိပါတယ်။ တခေတ်တခါက မြန်မာ ဘောလုံးအသင်းဟာ အာရှ ထိပ်တန်းအသင်းတသင်း ဖြစ်ခဲ့ဖူးတာကို မြန်မာတွေက တသသ ပြောကြတုန်းပါပဲ။ အခုတော့ မြန်မာဘောလုံးဟာ အာရှတန်းဝင်ဖို့ နေနေသာသာ အရှေ့တောင်အာရှမှာတောင် မနည်းရုန်းကန်နေရပါတယ်။ မြန်မာဘောလုံး အကြောင်းပြောရင် အခြေခံအဆောက်အအုံကနေ ဘောလုံးသမားတွေကို လေ့ကျင့်ပေးမှု၊ နည်းစနစ်၊ အစိုးရရဲ့  အားပေး ပံ့ပိုးမှုအထိ ယိုပေါက်ဟာပေါက်တွေ အများကြီး အကြောင်း ပြောဖို့ လိုပါတယ်။ ဆူဇူကီး အုပ်စုက ပြန်ခဲ့ရ ၁၉၆၀ နဲ့ ၁၉၇၀ ပြည့်တ၀ိုက်က မြန်မာဘောလုံးအသင်းဟာ အာရှမှာ ထိပ်တန်းနေရာ ရပ်တည်နိုင်ခဲ့ပါတယ်။ မြန်မာဘောလုံးအသင်းအကြောင်းဟာ အမြဲတမ်း ဂုဏ်ယူပြောဆိုနေတဲ့ အတိတ်က အောင်မြင်မှု ဖြစ်ပါတယ်။ နောက်ပိုင်းနှစ်တွေမှာတော့ မြန်မာအသင်းရဲ့ ခြေစွမ်းဟာ ဒေသတွင်း အဆင့်မှာတောင် အိမ်ဖြည့်အသင်းဖြစ်လာပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာမှာပဲ ကျင်းပခဲ့တဲ့ အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲ အုပ်စု (အေ) နောက်ဆုံးပွဲစဉ်မှာ မြန်မာက မလေးရှားကို ၃ ဂိုးပြတ်နဲ့ရှုံးပြီး ပြိုင်ပွဲကနေ ထွက်ခဲ့ရပါတယ်။ မြန်မာအသင်းဟာ ပွဲမှာ သရေတမှတ်ရရုံနဲ့ ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်မှာပါ။ ဒီပွဲရှုံးလို့ ဆူဇူကီးပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်ကို တတိယအကြိမ်မြောက် တက်ရောက်နိုင်မယ့် အခွင့်အရးကို လက်လွှတ်ခဲ့ရပါတယ်။ မြန်မာနေရှင်နယ်လိဂ် ဒီဘက်ခေတ် မြန်မာ့ဘောလုံးလောကမှာ အပြောင်းအလဲအကြောင်းပြောရင် ၂၀၀၉ ခုနှစ်က စတင်ရပါမယ်။ တခေတ်တခါက နိုင်ငံလက်ရွေးစင် အသင်းတွေကို မွေးထုတ်ပေးခဲ့တဲ့ ၀န်ကြီးဌာနအသင်းတွေ နေရာမှာ တိုင်းနဲ့ ပြည်နယ်တွေကို ကိုယ်စားပြုတဲ့ဘောလုံး အသင်းတွေကို ပေါ်ပေါက်လာပါတယ်။ မြန်မာနေရှင်နယ်လိဂ် ခေတ်ဦးကို ပြန်ကြည့်ရင် ခရိုနီ သူဌေးကြီးတွေရဲ့ ဓနအင်အားကို သုံးပြီး ဘောလုံးလောကကို တွန်းတင်ဖို့ ကြိုးစားခဲ့တာတွေ့ရပါတယ်။ ဥပမာအားဖြင့် ဘောလုံးသမား တယောက်ရဲ့ လုပ်ခကို သိန်း ၃၀ အထိပေးခဲ့တာတွေ၊ ပြောင်းရွှေ့ကြေးက မြန်မာငွေ ကျပ် သိန်းဆယ်ဂဏန်း များစွာ ရှိခဲ့တာမျိုးတွေ ပါဝင်ပါတယ်။ နောက်ဆုံး အာဆီယံ ဆူဇူကီးဖလား၊ ဆီးဂိမ်းဘောလုံးပြိုင်ပွဲတွေမှာ အောင်မြင်မှုမရလို့ ဆိုပြီး မြန်မာဘောလုံးသမားတွေရဲ့ လစာကို လျော့ချဖို့ ၂၀၁၄ နှစ်ဆန်းပိုင်းမှာ ဆုံးဖြတ်ခဲ့ပါတယ်။ အရင်က ကလပ်အသင်းတွေမှာ ကစားတဲ့ လက်ရွေးစင်အဆင့် ကစားသမားတွေဟာ လစာ ကျပ် သိန်း ၂၀၊ သိန်း ၃၀ အထိ ရနေသူတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် ဆီးဂိမ်း အပြီး ၂၀၁၃ ဆီးဂိမ်းအပြီးမှာ မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲဝင်အဆင့် ကစားသမားတွေကို လစာ ကျပ် ၂ သိန်းကနေ ၅ သိန်းအထိ၊ နိုင်ငံအဆင့် လက်ရွေးစင် အသင်းတွေမှာ ကစားခဲ့သူတွေကို ၁ လ ကျပ် ၅ သိန်းကနေ ၁၀ သိန်းအထိ သတ်မှတ်ခဲ့ပါတယ်။ သတင်းကောင်းများ သတင်းဆိုးတွေများတဲ့ ဘောလုံးလောကမှာ သတင်းကောင်းတချို့တော့ ရှိပါတယ်။ ၂၀၁၈ ဘောလုံးရာသီကစပြီး မြန်မာပြည်က ထိပ်တန်းကစားသမားတချို့ဟာ ဒေသတွင်းက အောင်မြင်နေတဲ့ ထိုင်းလိဂ်တွေမှာ သွားရောက် ကစားနေကြပါတယ်။ မြန်မာအသင်းရဲ့  နာမည်ကြီး တိုက်စစ်မှူးတွေဖြစ်တဲ့ အောင်သူနဲ့ ကျော်ကိုကို တို့ အပါအ၀င် မြန်မာဘောလုံးသမား ဒါဇင်ဝက်ကျော်ကျော်လောက်ဟာ ထိုင်း အသင်းတွေမှာ ကစားနေကြပါတယ်။ မြန်မာ အမျိုးသမီးဘောလုံးအသင်းဟာလည်း ဒေသတွင်း ပြိုင်ပွဲတွေမှာ အောင်မြင်မှု ရခဲ့ပါတယ်။ ဒါပေမယ့် အမျိုးသမီးအသင်းဟာလည်း လိုအပ်တဲ့ထောက်ပံ့မှုတွေ မရတာ၊ မျိုးဆက်ပြတ်နိုင်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ စောင့်ကြည်သူတွေက သတိပေးကြပါတယ်။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် မြန်မာဘောလုံး အဖွဲ့ချုပ်က သြဂုတ်လအတွင်းမှာ ထုတ်ပြန်ချက်အရ ဦးဇော်ဇော်ရဲ့ ဥက္ကဋ္ဌ သက်တမ်း (၂၀၀၅ ကနေ ၂၀၁၅ ခုနှစ်အထိ) ၁၀ နှစ်တာအတွင်း ကျပ် ၁၉ ဘီလျံလောက် စိုက်ထုတ်သုံးစွဲခဲ့တယ်လို့ ဆိုပါတယ်။ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဖြစ်တဲ့ စီးပွားရေးသမား ဦးဇော်ဇော်ဟာလည်း မြန်မာဘောလုံးအသင်းရဲ့ အရှုံးတွေအတွက် ပရိသတ်ကို မကြာခဏ တောင်းပန်နေရသူ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ်ရဲ့ ၂၀၁၈ အသုံး စရိတ်အတွက် အမေရိကန် ကန်ဒေါ်လာခုနစ်သန်းခန့် အသုံးပြုရန်လျာခဲ့တယ်လို့ သိရပါတယ်။ ဖီဖာက မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်အတွက် ၂၀၁၈ အတွက် အမေရိကန်ဒေါ်လာ လေးသန်းခန့် ထောက်ပံ့ခဲ့တယ်လို့လည်း သိရပါတယ်။ ဒါပေမယ့် အသုံးစရိတ်မှာ နှစ်စဉ်လိုငွေပြနေပြီး မြန်မာဘောလုံးအဖွဲ့ချုပ်က စိုက် ထုတ်သုံးစွဲနေရတယ်လို့ သိရပါတယ်။ ကျဆင်းနေတဲ့ မြန်မာ့အားကစား တကယ်တော့ မြန်မာအားကစား လောကတစုံလုံး ဒီနှစ်ပိုင်းတွေအတွင်း အကျဘက်ကို ရောက်နေတယ်လို့ ပြောနိုင်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၁၈ ရက်ကနေ စက်တင်ဘာ ၂ ရက်အထိ အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ အာရှအားကစားပြိုင်ပွဲမှာ မြန်မာနိုင်ငံက ကြေးတံဆိပ် ၂ ခုသာ ရယူနိုင်ခဲ့ပြီး နှစ်ပေါင်း ၂၄ နှစ်အတွင်း အဆိုးရွားဆုံးရလဒ်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ အာရှအားကစားပြိုင်ပွဲမှာ နိုင်ငံပေါင်း ၄၆ နိုင်ငံ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မြန်မာနိုင်ငံက အဆင့် ၃၅ နေရာမှာ ရပ်တည်ခဲ့ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ဂျပန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ၁၉၉၄ အာရှ အားကစား ပြိုင်ပွဲမှာလည်း ကြေးတံဆိပ် ၂ ခုသာ ရရှိခဲ့ပြီး ၂၄ နှစ်အတွင်းမှာအဆိုးရွားဆုံး ရပ်တည်မှုအဖြစ် မှတ်တမ်း ၀င်ခဲ့ပါတယ်။ မြန်မာ့ဘောလုံးအဆင့်အတန်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) က နိုဝင်ဘာ ၂၉ ရက် ထုတ်ပြန်လိုက်တဲ့ အဆင့် သတ်မှတ်ချက်မှာတော့ မြန်မာက ကမ္ဘာ့အဆင့် ၁၃၉ နဲ့ အာဆီယံ ဒေသတွင်း အဆင့် ၄ နေရာမှာ ရပ်တည်နေပါတယ်။ ဒါဟာ ၂၀၁၇ ခုနှစ် နိုဝင်ဘာလက ထုတ်ပြန်တဲ့ အဆင့်သတ်မှတ်ချက် ၁၅၀ ကနေ တိုးတက်လာတာ ဖြစ်ပါတယ်။ အာဆီယံဒေသတွင်း နိုင်ငံတွေထဲမှာ မြန်မာအထက်က ဗီယက်နမ်က ၁၀၀၊ ဖိလစ်ပိုင်က ၁၁၄၊ ထိုင်းက ၁၁၈ တို့ ရှိနေပြီး၊ မြန်မာအောက်မှာ အင်ဒိုနီးရှားက ၁၆၀၊ စင်ကာပူက ၁၆၅၊ မလေးရှားက ၁၆၇၊ ကမ္ဘောဒီးယားက ၁၇၂၊ မလေးရှားက ၁၇၄၊ လာအိုက ၁၈၄၊ ဘရူနိုင်းက ၁၉၅ နဲ့ တီမောက ၁၉၆ အသီးသီး ရပ်တည်နေပါတယ်။ ဘောလုံးအကယ်ဒမီ မြန်မာပြည်မှာ ဘောလုံးသမားတွေ ရှားပါးတာဟာ မျိုးဆက်သစ် ဘောလုံးသမားတွေ အတွက် လေ့ကျင့်စရာနေရာ နည်းပါတာကို ထောက်ပြကြတာ ရှိပါတယ်။ အခုအချိန်အထိ ရန်ကုန်ဘောလုံး အကယ်ဒမီကို အပါအ၀င် ဘောလုံး အကယ်ဒမီ ၃ ခုကို ဖွင့်လှစ်ထားပြီး ဖြစ်ပါတယ်။ ရန်ကုန် ဘောလုံး အကယ်ဒမီအတွက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က ကန်ဒေါ်လာ ၅ သိန်းထောက်ပံ့ခဲ့ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ကန်ဒေါ်လာ ၂ သိန်း ၈ သောင်းကျော်၊ ဧရာဝတီဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးဇော်ဇော်က မြက်ခင်းတု ၂ ကွင်းနဲ့ အဆောက်အဦအတွင်းပိုင်း ပြင်ဆင်မှုအတွက် ကန်ဒေါ်လာ ၂ သန်းနဲ့ စုစုပေါင်းကန်ဒေါ်လာ ၂ ဒသမ ၇ သန်း ကျော်အကုန်ကျခံတည်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဟာ မန္တလေးဘောလုံးအကယ်ဒမီနဲ့ ပုသိမ်ဘောလုံး အကယ်ဒမီတွေမှာလည်း ဘောလုံးပညာတွေ လေ့ကျင့်သင်ကြားပေးနေပါတယ်။ မြန်မာဘောလုံး ရှေ့ရေး မြန်မာနေရှင်နယ်လိဂ် ၈ နှစ်အကြာ အခြေအနေကို ပြန်ကြည့်တဲ့အခါမှာ နှစ်စဉ် ကျပ်သိန်းထောင်သောင်းချီ အရှုံးပြနေတဲ့ သူဌေးကြီးတွေအတွက် မှန်းချက်နဲ့ နှမ်းထွက် မကိုက်ဘူးလို့ ဆိုရမှာပါ။ မြန်မာ့ဘောလုံးဟာ ဒေသတွင်း ပြိုင်ပွဲတွေမှာ ထူးထူးခြားခြား တိုးတက်အောင်မြင်လာတာ မတွေ့ရပါဘူး။ မြန်မာက အိမ်ရှင်အဖြစ် ကျင်းပခဲ့တဲ့ ဆီးဂိမ်းမှာလည်း အရှုံးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အရှေ့တောင်အာရှဒေသမှာ အဆင့်အမြင့်ဆုံး ဘောလုံးပြိုင်ပွဲဖြစ်တဲ့ ဆူဇူကီး ဖလားမှာလည်း အုပ်စုအဆင့်ကနေ လှည့်ပြန်ခဲ့ရတဲ့ အကြိမ်က ပိုများပါတယ်။ အစောပိုင်းကာလတွေက လူထောင်သောင်းချီ ကြည့်ခဲ့ကြတဲ့ မြန်မာနေရှင်နယ်လိဂ် ပွဲတွေဟာလည်း အခုဆိုရင် ပွဲစဉ်အများစုမှာ ပရိသတ် ၁၀၀ တောင် မပြည့်တော့ပါဘူး။ ဒါကြောင့် အခုအချိန်မှာ မြန်မာဘောလုံး ပြန်လည်ဦးမော့လာဖို့ ပိုကောင်းတဲ့ နည်းလမ်းတွေကို ရှာဖွေဖော်ထုတ်ကြဖို့ အချိန် ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up