Home
မြန်မာသတင်း
အဂတိလိုက်စားမှု တိုင်ကြားချက်များတွင် အုပ်ချုပ်ရေးပိုင်း အများဆုံးပါဝင်နေ
ကျော်ဇေယျာဝင်း
·
December 7, 2018
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံ တိုင်ကြားလာတဲ့အထဲမှာ အုပ်ချုပ်ရေးပိုင်းနဲ့ ပတ်သက်လို့ တိုင်ကြားမှုတွေက အများဆုံးဖြစ်တယ်လို့  ကော်မရှင်အဖွဲ့ဝင် ဦးဟန်ညွန့်က ပြောပါတယ်။ ဒီကနေ့ ရန်ကုန်မြို့၊ Rose Garden ဟိုတယ်မှာပြုလုပ်တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ အခမ်းအနားအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ထံကို  စီမံခန့်ခွဲရေးနဲ့ အုပ်ချုပ်ရေးလွဲမှားတာနဲ့ ပတ်သက်လို့  ၂၀၁၇ ခုနှစ်မှာ ၃၅၆ မှု တိုင်ကြားခဲ့ပြီး ၂၀၁၈ ခုနှစ်မှာ ၁၄၅၈ မှုအထိ ရှိလာပါတယ်။ မြေယာကိစ္စအငြင်းပွားတာနဲ့ပတ်သက်လို့  ၂၀၁၇ ခုနှစ်မှာ ၂၈၆မှုရှိခဲ့ပြီး၂၀၁၈ ခုနှစ်မှာတော့ ၁၅၇၉မှုရှိပါတယ်။ တရားစီရင်ရေးအပိုင်းနဲ့ ပတ်သက်လို့  ၂၀၁၇ ခုနှစ်မှာ ၃၇၂ မှု၊ ၂၀၁၈ ခုနှစ်မှာ တိုင်ကြားတာ ၁၃၃၄ မှု အထိရှိတယ်လို့ ကော်မရှင်က သိရပါတယ်။ ကော်မရှင်ရုံး စတင်ဖွင့်လှစ်ခဲ့တဲ့ ၂၀၁၇ခုနှစ် နိုဝင်ဘာလကစပြီး အခုနှစ် အောက်တိုဘာအထိ တိုင်ကြားစာစုစုပေါင်း ၉၀၀၀ နီးပါးရှိပြီး ရန်ကုန်တိုင်းဒေသကြီးနဲ့ မန္တလေးတိုင်းဒေသကြီးတို့မှာ အများဆုံးဖြစ်တယ်လို့ ကော်မရှင်ထုတ်ပြန်ချက်အရ သိရပါတယ်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ဆောင်ရာမှာ ကော်မရှင်အနေ အခြေခံဥပဒေ အောက်ကသာ ဆောင်ရွက်ရတာဖြစ်ပြီး တပ်မတော်ရဲ့စီမံခန့်ခွဲမှုဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်မှာမရှိတဲ့အတွက် တပ်နဲ့ ပတ်သက်တဲ့ အဂတိလိုက်စားမှုတွေကိုတော့ ကော်မရှင်က အရေးယူတာမလုပ်ဖူးလို့ ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြောပါတယ်။ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနဲ့ တိုက်ဖျက်ရေးလုပ်ငန်းမြှင့်တင်ဆောင်ရွက်ရာမှာ အစိုးရဝန်ကြီးဌာန၊ အဖွဲ့အစည်းတွေနဲ့ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေ၊ သတင်းမီဒီယာတွေနဲ့ ပြည်သူတရပ်လုံး ပူးပေါင်းဆောင်ရွက်ကြဖို့ သမ္မတ ဦးဝင်းမြင့်ကလည်း တိုက်တွန်းထားပါတယ်။ ဓာတ်ပုံ-ACCM
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024