စီအန်အန်သတင်းဌာနကို ဗုံးခွဲမည့် ခြိမ်းခြောက်မှုကြောင့် ဝန်ထမ်းများ ဘေးလွတ်ရာ ပြောင်းရွှေ့

ဓာတ်ပုံ - Reuters
1.7K
ဗုံးခွဲတိုက်ခိုက်မယ်ဆိုတဲ့ ဖုန်းနဲ့ ပြောဆို ခြိမ်းခြောက်မှုကြောင့် ဒီဇင်ဘာ ၆ ရက်နေ့က အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ စီအန်အန် သတင်းဌာန ရုံးခန်းတွေနဲ့ စတူဒီယိုတွေက ဝန်ထမ်းတွေကို ဘေးလွတ်ရာ ပြောင်းရွှေ့ခဲ့တယ်လို့ စီအန်အန်က ပြောပါတယ်။
ည ၁၀ နာရီခွဲကျော်ကျော်မှာ နယူးယောက်မြို့ စီအန်အန်သတင်းဌာန သတင်းခန်းအတွင်း မီးသတိပေး ခေါင်းလောင်းတွေ မြည်ခဲ့ပြီး အရေးပေါ် ပြောင်းရွှေ့ဖို့ အချက်ပေးခဲ့ပါတယ်။
အဲဒီအတွက် အဆောက်အဦ အတွင်းကနေ ဝန်ထမ်းတွေ ထွက်ပြေးခဲ့ပြီး Don Lemon ရဲ့ "CNN Tonight" အစီအစဉ်ကို ဖျက်သိမ်းခဲ့ပါတယ်။
ရုပ်သံထုတ်လွှင့်မှုပိုင်းကိုလည်း ကြိုတင်ရိုက်ကူးထားတဲ့ အစီအစဉ်တွေကိုသာ ထုတ်လွှင့်ခဲ့ပါတယ်။
ရဲတပ်ဖွဲ့က စုံစမ်းမှုတွေ လုပ်နေတာကြောင့် လမ်းပေါ်မှာ ရဲကားတွေနဲ့ မီးသတ်ကားတွေက ယာဉ်သွားလမ်းနဲ့ လူသွားလမ်းတွေကို ပိတ်ဆို့ထားပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလကလည်း Time Warner Center က သတင်းဌာနဗျူရိုမှာ ဖောက်ခွဲရေးပစ္စည်း တွေ့ရှိခဲ့ပြီးနောက် ဘေးလွတ်ရာ ပြောင်းရွှေ့ခဲ့ရပါတယ်။