ကံမ မြို့နယ် ရထားလမ်းသိမ်းဆည်းခံ မြေများ နစ်နာကြေးပေးမည်
DVB
·
December 6, 2018
ကြံခင်း-ပခုက္ကူ ရထားလမ်းပိုင်းအတွက် မကွေးတိုင်း၊ သရက်ခရိုင်၊ ကံမမြို့နယ် အတွင်းရှိ သိမ်းဆည်းခံထားရတဲ့ မြေတွေရဲ့ နစ်နာလျော်ကြေးငွေ ကျပ်သိန်းပေါင်း ၈၁၀၀ ကျော် ပေးသွားဖို့ အစိုးရက ပြင်ဆင်နေပါတယ်။
ကံမမြို့ လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းက “ ခု ဒီလ ဒီဇင်ဘာလ ၁၅ ရက် က စပြီးတော့ ကျေးရွာအုပ်စု ၁၅ အုပ်စုကို ဒီဇင်ဘာလ ၁၉ ရက်အထိ သုံးအုပ်စုကို တရက်နှုန်း ကျနော်တို့ စိစစ်မယ်။ ရထားဌာနကို သက်ဆိုင်ရာပါသွားတဲ့ မြေတွေကို မြေယာစွန့်လွှတ်ကြောင်း လက်မှတ် အရင်ထိုးရမယ်။ ကျနော်တို့ အရင် ပုံစံ ၁၂ နဲ့ အသိမ်းခံရပါတယ်ဆိုပြီး တင်ထားပြီးပြီ။ အခုကျတော့ မြေယာစွန့်လွှတ်ပြီးရင် မြေလျော်ကြေးကို ထုတ်ပေးမှာ။ ၂၀၁၈-၁၉ ခုနှစ် ဘတ်ဂျတ်အတွင်း ထုတ်ပေးမှာပါ” လို့ ပြောပါတယ်။
ရထားလမ်းသိမ်းဆည်းခံ မြေတဧက လျော်ကြေးငွေ ယာမြေ တဧက ကျပ် ၁၅ သိန်း၊ လယ်မြေ တဧက ကျပ်သိန်း ၂၀ ၊ ကိုင်း တဧက ကျပ်သိန်း ၂၀ ၊ ဥယျာဉ်ခြံမြေနဲ့ အိမ်ခြံမြေ တဧက ကျပ် ၄၀ သိန်း တို့ ဖြစ်တယ်လို့ ဆိုပါတယ်။
ကံမမြို့နယ်အတွင်းက ကျေးရွာအုပ်စု ၁၅ အုပ်စုမှ တောင်သူဦးရေ ၄၅၅ ဦး၊ လယ်ဧက ၁၀၉ ဒသမ ၄၇ ဧက၊ ယာဧက ၃၁၃ ဒသမ ၉၆ ဧက၊ ကိုင်းဧက ၁၇ ဒသမ ၄၈ ဧက စုစုပေါင်း သိမ်းဆည်ခံမြေဧက ၄၄၃ ဒသမ ၄၄ ဧကဖြစ်လို့ စုစုပေါင်းလျော်ကြေးငွေ ၈၁၄၆ သိန်းကျော်ဖြစ်တယ်လို့ ဆိုပါတယ်။
ခုလို လျော်ကြေးပေးဖို့ ၂၀၁၇ ခုနှစ် မကွေးတိုင်းဒေသကြီး လွှတ်တော် သတ္တမအကြိမ် လွှတ်တော်မှာ မေးမြန်းခဲ့ပြီး သက်ဆိုင်ရာက လျော်ပါ့မယ်လို့ ကတိပေးထားတာဖြစ်ပါတယ်။
ကိုလင်း(ချောက်)