Home
မြန်မာသတင်း
ABSDF မြောက်ပိုင်းဒုဥက္ကဋ္ဌကို စစ်တပ်က စစ်ဆေးနေသဖြင့် မိသားစုများစိုးရိမ်
DVB
·
December 6, 2018
မတရားသင်း ဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁) နဲ့ ဖမ်းဆီးခံထားရတဲ့ ABSDF မြောက်ပိုင်း ဒုဥက္ကဋ္ဌ ဦးအောင်ဆွေဦးကို စစ်တပ်က စစ်ဆေးနေတာကြောင့် စိုးရိမ်နေတယ်လို့ မိသားစုဝင်က ပြောပါတယ်။ ဖမ်းဆီးခံထားရတဲ့ ၃ ဦးထဲက ဗိုလ်မောင်ဦးနဲ့ ကိုမောင်ကိန်း ခေါ် သန်းထိုက်အောင်တို့ဟာ ထိန်းသိမ်းခံနေရတဲ့ ခလရ ၁၅ စစ်တပ်နေရာကနေ မိုးညှင်းရဲစခန်းကို ဒီဇင်ဘာ ၄ ရက် ညနေပိုင်းက ပြန်ရောက်လာပြီး ဒုဥက္ကဋ္ဌ ဦးအောင်ဆွေဦး ကတော့ စစ်တပ်မှာပဲ ကျန်ခဲ့တာပါ။ ဦးအောင်ဆွေဦးရဲ့ ညီမဖြစ်သူက “မိုးညှင်းရဲစခန်းကို  မိသားစုဝင်တွေက သွားရောက် မေးမြန်းတဲ့အခါမှာ ကျန်းမာရေး ကောင်းကောင်းမွန်မွန်ရှိနေပြီး လာမယ့် စနေ၊ တနင်္ဂနွေ ဆိုရင်တော့ မိသားစုနဲ့ ပြန်လည်တွေ့ခွင့်ရမှာဖြစ်တယ်လို့ တာဝန်ကျမိုးညှင်းရဲစခန်းမှူးက ပြန်လည် ဖြေကြားခဲ့ပါတယ်။ ဦးအောင်ဆွေဦးမှာ ဆီးချိုရောဂါရှိတဲ့အတွက် ဆေးပုံမှန်သောက်နေရ တာကြောင့် မိသားစုဝင်တွေအနေနဲ့ စိုးရိမ်နေရတယ်”လို့ ပြောပါတယ်။ ဖမ်းဆီးခံခဲ့ရတဲ့သူတွေဟာ ကွယ်လွန်သွားတဲ့ ABSDF တပ်ဖွဲ့ဝင်တဦးရဲ့ နာရေးအတွက် KIA ထိန်းချုပ်နယ်မြေကနေ သွားရောက်ရင်း  နိုဝင်ဘာ ၃၀ ရက်က ကချင်ပြည်နယ်၊ မိုးညှင်းမြို့မှာ ဖမ်းဆီးခံခဲ့ရပါတယ်။ လက်ရှိမှာတော့ သူတို့ သုံးဦးကို မိုးညှင်းမြို့နယ် ခလရ တပ်ရင်း ၁၅မှ ဗိုလ်ကြီးသီဟစိုးက တရားလိုလုပ်ပြီး မတရားအသင်း ဆက်သွယ်မှု အက်ဥပဒေ ၁၇(၁) နဲ့ မိုးညှင်းရဲစခန်းမှာ အမှုဖွင့် ဖမ်းဆီးထားပါတယ်။ သတင်း - မုန်းမုန်းမင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024