Home
မြန်မာသတင်း
ရန်ကုန်မိုးပျံလမ်းစီမံကိန်း တင်ဒါအတွက် အရည်အသွေးမီ ကုမ္ပဏီ ၁၀ ခုစာရင်းထုတ်ပြန်
ရွှေအောင်
·
December 6, 2018
ရန်ကုန်မိုးပျံအမြန်လမ်း စီမံကိန်းတင်ဒါဝင်ပြိုင်ဖို့  အရည်အသွေး ပြည့်မီတဲ့ ကုမ္ပဏီ ၁၀ခု ရှိတယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာပါတယ်။ ရန်ကုန်မိုးပျံအမြန်လမ်းစီမံကိန်း (YEX) Project Phase 1 အတွက် တင်ဒါတင်သွင်းလာတဲ့ ကုမ္ပဏီ ၁၂ ခု အနက် ဆန်ခါတင် အရည်အသွေးပြည့်မီတဲ့ ကုမ္ပဏီ ၁၀ခု အမည်စာရင်းကို ဒီဇင်ဘာ ၅ရက်မှာ ထုတ်ပြန်လိုက်တာပါ။ ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်တဲ့ ကုမ္ပဏီ၁၀ခု စာရင်းထဲမှာ တရုတ်ကုမ္ပဏီ အများစုပါဝင်ပြီး ပြင်သစ်၊ ကိုရီးယား၊ ဂျပန်နဲ့ ထိုင်းနိုင်ငံက ကုမ္ပဏီ တွေလည်းပါဝင်တာ တွေ့ရပါတယ်။ ဆန်ခါတင်အရည်အသွေး ပြည့်မီတဲ့ကုမ္ပဏီတွေဟာ   စီမံကိန်းနဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေ ၊ မှတ်တမ်းတွေကို ရယူနိုင်မှာဖြစ်ပြီး တင်ဒါအနိုင်ရရှိဖို့  ဆက်လက်ပါဝင်နိုင်မှာ ဖြစ်ပါတယ်။ တင်ဒါအနိုင်ရရှိဖို့ နောက်တဆင့်မှာ ကြိုတင်အရည်အသွေး ပြည့်မီတဲ့ကုမ္ပဏီတွေကို  အဆိုပြုလျှောက်လွှာ (Request for Proposal) တင်သွင်းဖို့ဖိတ်ခေါ်ပြီး သဘောတူညီမှုစာချုပ် (Concession Agreement)  ထုတ်ပြန်ပေးသွားမှာ ဖြစ်ပါတယ်။ ရန်ကုန်မိုးပျံလမ်းစီမံကိန်းဟာ အစိုးရရဲ့ ဦးစားပေး ဆောင်ရွက်နေတဲ့ စီမံကိန်းတစ်ခုဖြစ်ပြီး ရန်ကုန်မြို့ရဲ့ ဆိုးရွားတဲ့ ယာဉ်ကြောပိတ်ဆို့မှုကို လျော့ကျစေဖို့နဲ့ နိုင်ငံရဲ့စီးပွားရေး၊ လူမှုရေး လုပ်ငန်းတွေအတွက် ဆက်သွယ်ရေး ပိုမိုကောင်းမွန်လာစေဖို့  ဖြစ်တယ်လို့ ဆောက်လုပ်ရေးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ရန်ကုန်မိုးပျံအမြန်လမ်းစီမံကိန်းအကောင်အထည်ဖော်ဖို့ ပြည်တွင်းပြည်ပ ကုမ္ပဏီ ၅၀ ကျော်က စိတ်ဝင်စားမှုဖော်ပြခြင်းလျှောက်လွှာ(EOI) တင်ခဲ့ကြတာ ဖြစ်ပါတယ်။ ရန်ကုန်မိုးပျံအမြန်လမ်းကိုလာမယ့် ၂၀၁၉ ခုနှစ်မှာ စတင်တည်ဆောက်မှာဖြစ်ပြီး သုံး နှစ်အတွင်း အပြီးတည်ဆောက်မှာလည်း ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024