DVB Logo
Home
မြန်မာသတင်း
ဝန်ကြီးဌာနအပြောင်းအလဲ ပြည်ထောင်စုလွှတ်တော်အတည်ပြု
DVB
·
September 4, 2012
ဝန်ကြီးဌာနအပြောင်းအလဲ ပြည်ထောင်စုလွှတ်တော်အတည်ပြု
Donate to DVB

နိုင်ငံတော်သမ္မတက ပေးပို့တဲ့ ၀န်ကြီးဌာနအပြောင်းအလဲကို ပြည်ထောင်စုလွှတ်တော် က ထောက်ခံမဲအများစုနဲ့ အတည်ပြုပေးလိုက်ပါတယ်။

လစ်လပ်နေတဲ့ ဌာနတွေမှာ အသစ်ထပ်ခန့်မယ့် ၀န်ကြီး ၁၀ ဦး အမည်စာရင်းနဲ့ ကိုယ်ရေးရာဇ၀င်တွေကို လွှတ်တော်ပြီးမှ ဖြန့်ဝေပေးခဲ့တယ်လို့ သီပေါ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ပြောပါတယ်။

အသစ်ထပ်ခန့်မယ့် ၀န်ကြီးတွေကို လွှတ်တော်ကိုယ်စားလှယ်တွေ က ဆောင်ရွက်ပေးရမယ့် အပိုင်းကိုလည်း ဦးရဲထွန်းက ခုလိုရှင်းပြပါတယ်။

“၀န်ကြီးအသစ်တွေကို လွှတ်တော်ကိုယ်စားလှယ်တွေက သူတို့ ကိုယ်ရေး ရာဇ၀င်တွေ ကို ကြည့်ပြီးတော့ ပြည်ထောင်စု ၀န်ကြီးအဖြစ် တာဝန်ပေးဖို့ သင့်မသင့်ပေါ့။ မသင့်ဘူးဆိုရင်၊ သတ်မှတ်ချက်နဲ့ မညီဘူးဆိုရင် လွှတ်တော်မှာ တင်ပြခွင့်ရှိတယ်။ သတ်မှတ်ချက်နဲ့ ညီညွတ်တယ်ဆိုရင်တော့ လူပုဂ္ဂိုလ် ကြိုက်တာ မကြိုက်တာ ကန့်ကွက်ပိုင်ခွင့် မရှိဘူး။ သတ်မှတ်ချက်နဲ့ ညီရင် လက်ခံ အတည်ပြုပေးရမှာပေါ့။”

အသစ်ခန့်အပ်မယ့်ဝန်ကြီး ၁၀ ဦးမှာ လက်ရှိဒုတိယ၀န်ကြီး တာဝန် ထမ်းဆောင်နေသူတွေ ပါဝင်ပြီး၊ အမျိုးသမီးဝန်ကြီးလောင်းတဦးနဲ့ စစ်တိုင်းမှူး တဦးလည်း ပါဝင်ပါတယ်။

အဲ့ဒီသူတွေကတော့ လက်ရှိ အားကစားဒုဝန်ကြီး ဦးအေးမြင့်ကြူ၊ လက်ရှိ ဆောက်လုပ်ရေးဒုဝန်ကြီး ဦးကျော်လွင်၊ ဘဏ္ဍာရေးဒုဝန်ကြီး ဦးဝင်းရှိန်၊ အမျိုးသားစီမံကိန်းနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ဒုဝန်ကြီး ဒေါက်တာကံဇော်၊ နိုင်ငံခြားရေးဒုဝန်ကြီး ဦးမောင်မြင့်၊ သိပံ္ပနဲ့နည်းပညာ ဒုဝန်ကြီး ဒေါက်တာကိုကိုဦး၊ ဟိုတယ်ခရီး ဒုဝန်ကြီး ဦးဌေးအောင်၊ လက်ရှိ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဒေါက်တာမြင့်အောင်၊ ကျန်းမာရေး ဒုဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင် နဲ့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇေယျာအောင်တို့ ဖြစ်ပါတယ်။

ပြည်ထောင်စုလွှတ်တော်မှာ ၀န်ကြီးဌာနနဲ့ ၀န်ကြီးဦးရေ အပြောင်းအလဲနဲ့ ပတ်သက်ပြီး ကန့်ကွက်ခဲ့တဲ့ ကျောက်ဖြူမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘရှင်က သူကန့်ကွက်ရတဲ့ အကြောင်းရင်းကို ခုလို ပြောပါတယ်။

“နိုင်ငံတော် ဘတ်ဂျက်ကို များများစားစား သုံးရမှာပေါ့။ ပထမ ၃၀၊ နောက် ၆ ယောက်တိုးတော့ ၃၆။ ၀န်ကြီးတပါးဆိုရင်လည်း နည်းတာမှမဟုတ်တာ ပေးရတာ။ အန်ကယ်ပြောတာကတော့ ၀န်ကြီး ၃ ယောက်လောက်ပဲ လျှော့ဖို့ပြောတာပါ။ တိုင်းရင်းသားရေးရာ ပြည်ထောင်စု ၀န်ကြီးတယောက်က နိုင်ငံတော်အတွက် တကယ်လိုအပ်တယ်။ ဒါလေးပြောတာပါ။ အသိပေးတဲ့သဘောနဲ့ ဆွေးနွေးလိုက်တာပါ။ သမ္မတက လက်ခံဖို့ဆိုတာ အဲလို အဆိုပြုတဲ့သဘောမျိုး မဟုတ်ပါဘူး။ သမ္မတက အန်ကယ်တို့ ဆွေးနွေးတာကို လက်ခံဖို့ အစီအစဉ်လည်း မပါပါဘူး။ ဒါပေမယ့် ပြည်ထောင်စုလွှတ်တော်မှာ ဒီလွှတ်တော်အမတ်တွေ အကုန်လုံးလည်း ဒါကို သိသင့်တယ်။ ၀န်ကြီးတွေရောက်နေတဲ့အတွက် ၀န်ကြီးတွေကလည်း ဒီသဘောလေးကို သမ္မတဆီရောက်အောင် ယူသွားစေချင်တဲ့ သဘောပါပဲ။”

သမ္မတ ဦးသိန်းစိန်အစိုးရ တက်လာခါစက ၀န်ကြီးဌာန ၃၄ ခုနဲ့ ၀န်ကြီးအယောက် ၃၀ ခန့်အပ် တာဝန်ပေးခဲ့တာဖြစ်ပြီး အခု ၀န်ကြီးဌာန ၃၀ မှာ ၀န်ကြီး ၃၆ ဦး ခန့်အပ်တာဝန်ပေးဖို့ ဆောင်ရွက် လာတာ ဖြစ်ပါတယ်။ အဲ့ဒီမှာ သမ္မတရုံးဝန်ကြီး ၆ ဦးထိ ပါဝင်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013