DVB Logo
Home
မြန်မာသတင်း
အချိန်ပြည့် ကနေဒါကုန်သွယ်ရေးကော်မရှင်နာ ၁ ဦး မြန်မာနိုင်ငံတွင် ထားမည်
DVB
·
September 4, 2012
အချိန်ပြည့် ကနေဒါကုန်သွယ်ရေးကော်မရှင်နာ ၁ ဦး မြန်မာနိုင်ငံတွင် ထားမည်
Donate to DVB

မြန်မာနိုင်ငံမှာ ကနေဒါနိုင်ငံက သံရုံးဖွင့်တဲ့အခါ အဲဒီသံရုံးမှာ အချိန်ပြည့် ကုန်သွယ်ရေးကော်မရှင်နာ ၁ ဦး ခန့်အပ်မယ်လို့ ကနေဒါ အပြည်ပြည်ဆိုင်ရာကုန်သွယ်ရေးဝန်ကြီး H.E. Mr. Edward Fast က မနေ့က ပြောဆိုလိုက်ပါတယ်။

မြန်မာ သမ္မတ ဦးသိန်းစိန်နဲ့ ကနေဒါဝန်ကြီးတို့ မနေ့က နေပြည်တော်မှာ တွေ့ဆုံကြပြီးတဲ့နောက် ပြောဆိုချက်ကို အေဂျင်စီသတင်းတွေက ရေးပါတယ်။

[caption id="attachment_30271" align="alignleft" width="300" caption="သမ္မတ ဦးသိန်းစိန်နဲ့ ကနေဒါ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးဝန်ကြီး H.E. Mr. Edward Fast "][/caption]

ကုန်သွယ်ရေးကော်မရှင်နာနဲ့ ကုန်သွယ်မှုဆက်စပ် ၀န်ဆောင်မှု လုပ်ငန်းဟာ မြန်မာနိုင်ငံက စီးပွားဘက် တသီးပုဂ္ဂလနဲ့ ကုမ္ပဏီတွေကို ကျင့်ဝတ်ပိုင်းဆိုင်ရာစံချိန် အမြင့်မားဆုံးဖြစ်အောင် လေ့ကျင့်ပေးဖို့ဖြစ်ပါတယ်။

ကနေဒါ - မြန်မာ ကုန်သွယ်မှု တိုးမြှင့်လာတာနဲ့ ကနေဒါနိုင်ငံသားတွေ အတွက်ရော၊ မြန်မာ လုပ်ဖော်ကိုင်ဖက်တွေပါ အကျိုးရှိစေမှာလို့ မစ္စတာ အက်ဒ၀ပ် ဖက်စ်က ပြောပါတယ်။

ကော်မရှင်နာအဖြစ် ဘယ်သူ့ကို ခန့်မယ်ဆိုတာ မကြေညာရသေးပေမယ့် ဒေသတွင်း အတွေ့အကြုံရှိသူ ဖြစ်လိမ့်မယ်လို့ သိရပါတယ်။

ကနေဒါဝန်ကြီးက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမယ့် ကနေဒါနိုင်ငံသားတွေကို ဆိုက်ရောက်ဗီဇာထုတ်ပေးဖို့ မေတ္တာရပ်ခံခဲ့ရာမှာ မြန်မာသမ္မတက ကနေဒါမြို့တော် အော်တ၀ါ (Ottawa) မှာ မကြာခင် မြန်မာသံရုံးဖွင့်လှစ်ပြီးတဲ့နောက်ပိုင်းကျမှ ဆွေးနွေးဖို့ ကတိပြုခဲ့ပါတယ်။

သမ္မတနဲ့ ကနေဒါဝန်ကြီးတွေ့ဆုံမှုကို နှစ်နိုင်ငံ အပြန်အလှန်ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး ခြေလှမ်းသစ်ကို စတင်လိုက်တယ်လို့ အေဂျင်စီ သတင်းတွေက ဖော်ပြ ပါတယ်။

၂၀၁၂ ခုနှစ်ဆန်းပိုင်းကစလို့ မြန်မာပြည်မှာ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွေ သိသိသာသာလုပ်ဆောင်ခဲ့တဲ့အတွက် အနောက်နိုင်ငံတွေက ပိတ်ဆို့ဒဏ်ခတ်မှုတွေကို ဆိုင်းငံ့ပေး၊ ရုပ်သိမ်းပေးတဲ့နည်းတူ ကနေဒါကလည်း ဧပြီလမှာ ပိတ်ဆို့ဒဏ်ခတ်မှုကို ဆိုင်းငံ့ခဲ့ပါတယ်။ ဇူလိုင်လမှာတော့ ကနေဒါနိုင်ငံခြားရေးဝန်ကြီး ဂျွန်ဘိုက် (John Baird) က မြန်မာနိုင်ငံမှာ ကနေဒါသံရုံးဖွင့်မယ် ဆိုတာကို ကြေညာခဲ့ပါတယ်။

လက်ရှိမြန်မာနိုင်ငံဆိုင်ရာ ကနေဒါသံရုံးဟာ  ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဖွင့်ထားပါတယ်။

မြန်မာနဲ့ကနေဒါ ကုန်သွယ်ရေးဟာ နည်းပါးပြီး  အပြန်အလှန်ကုန်သွယ်ရေး က ၂၀၁၂-၁၃ မှာ အမေရိကန်ဒေါ်လာ ၄ ဒဿမ ၂ သန်းဖိုးသာရှိတယ်လို့ မြန်မာကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနတာဝန်ရှိသူတွေက ပြောပါတယ်။

မြန်မာဘက်က ဒေါ်လာ ၄ သိန်းဖိုးလောက် စိုက်ပျိုးထွက်ကုန်တွေကို အဓိကထားတင်ပို့ပြီး ကနေဒါထံက ဆောက်လုပ်ရေးနဲ့ တခြားပစ္စည်းတွေ ၃ ဒဿမ ၈ သန်းဖိုး တင်သွင်းတယ်လို့ ဆိုပါတယ်။

ကနေဒါက မြန်မာပြည်မှာရင်းနှီးမြှုပ်နှံမှုဟာ ဒီနှစ် ဇွန်လထိ အမေရိကန်ဒေါ်လာ သန်း ၄၀ ရှိတယ်လို့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင် စာရင်းဇယားက ဆိုပါတယ်။

ကနေဒီယန်ကုန်သွယ်ရေးကော်မရှင်နာ ၀န်ဆောင်မှုလုပ်ငန်းဟာ ကမ္ဘာတလွှားနိုင်ငံပေါင်း ၁၅၀ ကျော်မှာ အခြေပြုဆောင်ရွက်နေပြီး ပို့ကုန်၊ ပြည်ပရင်းနှီးမှု၊ ရင်းနှီးမြှုပ်နှံမှုဆွဲဆောင်ချက် စတာတွေနဲ့ ပတ်သက်လို့ ကုမ္ပဏီတွေကို ကူညီနေပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013