DVB Logo
Home
မြန်မာသတင်း
၈၈ မျိုးဆက်ကျောင်းသားများနှင့် အမေရိကန်သံအမတ်တွေ့ဆုံ
DVB
·
September 4, 2012
၈၈ မျိုးဆက်ကျောင်းသားများနှင့် အမေရိကန်သံအမတ်တွေ့ဆုံ
Donate to DVB

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေနဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဒဲရက်ခ်မစ်ချယ်တို့ ဒီနေ့ တွေ့ဆုံပြီး လက်ရှိဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အပြောင်းအလဲ အခြေအနေတွေနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပါတယ်။

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်က “တိုင်းပြည်ရဲ့ နိုင်ငံရေးအပြောင်းအလဲနဲ့ ကျနော်တို့ ၈၈ ရဲ့ အခန်းကဏ္ဍတွေ၊ အမေရိကန် ၀ါရှင်တန်နဲ့ နေပြည်တော်ရဲ့ ဆက်ဆံရေးတွေ၊ ဒါတွေ အားလုံးကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးဖြစ်ပါတယ်”လို့ ပြောပါတယ်။

အမေရိကန်သံအမတ်နဲ့ ၈၈ အဖွဲ့ တွေ့ဆုံမှုဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ပညာရေးနဲ့ကျန်းမာရေးကဏ္ဍတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်က ပြောပါတယ်။

ဒါ့အပြင် ကိုဌေးကြွယ်က အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးမှာ ထဲထဲဝင်ဝင် တိုးမြှင့်ပြီး ပါဝင်ဖို့ရှိတဲ့အတွက် တိုင်းပြည်ကောင်းကျိုးအတွက် ၀ိုင်းဝန်းလုပ်ဆောင်သွားကြဖို့ လိုတယ်လို့ ပြောပါတယ်။

“မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုတွေဟာ မြန်မာနိုင်ငံရဲ့ အနာဂတ်နဲ့ တိုက်ရိုက်ကိုပတ်သက်နေပါပြီ။ အဲအတွက် တိုင်းပြည်ရဲ့ ကောင်းရာကောင်းကြောင်းကို ၀ိုင်းဝန်းပြီးတော့ ဆောင်ရွက်နိုင်တဲ့ အခြေအနေတခုပဲ လိုအပ်ပါတယ်။ ဒါဆိုရင် ၀ါရှင်တန်အပါအ၀င်၊ အီးယူအပါအ၀င် ကမ္ဘာ့မိသားစုနိုင်ငံအားလုံးနဲ့ ရင်းရင်းနှီးနှီး ပြန်လည်ဆက်ဆံပြီးတော့ ကမ္ဘာ့မိသားစုဝင် အ၀န်းအ၀ိုင်းထဲကို ပြန်ပြီးတော့ ဂုဏ်သိက္ခာရှိရှိ ပြန်လည် ၀င်ရောက်မယ်။ မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ ခိုင်ခိုင်မာမာ ပြန်လည်ရပ်တည်နိုင်မှာဖြစ်ပါတယ်။ အဲအတွက်ကို ရှေ့လာမယ့် နိုင်ငံရေးအခြေအနေတွေဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက်ကို အာမခံချက်ပေးနိုင်တဲ့ အခြေအနေမျိုးတွေ ဖြစ်နေရပါမယ်။ ဒီလိုအခြေအနေဖြစ်အောင်လည်း အားလုံးဝိုင်းပြီး ကြိုးစားကြဖို့ တာဝန်ရှိပါတယ်။ လက်ရှိအစိုးရ အပါအ၀င်ပေါ့လေ။”

နှစ်ပေါင်း ၂၂ နှစ်အတွင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဖြစ်လာတဲ့ မစ္စတာ ဒဲရက်ခ်မစ်ချယ်နဲ့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေ ဖြစ်တဲ့ ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီး၊ ဦးဌေးကြွယ်၊ ဦးမင်းဇေယျတို့ အဖွဲ့ဟာ ဒီနေ့ မနက် ၉ နာရီခွဲကနေ ၁၁ နာရီအထိ ရန်ကုန်မြို့ ၈၈ ရုံးခန်းမှာ တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။

ဒဲရက်ခ်မစ်ချယ်ဟာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်အဖြစ် တာဝန်ထမ်းဆောင်ပြီး ၁၀ ရက်အကြာ ဇူလိုင်လ ၂၀ ရက်နေ့မှာပဲ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးတွေမှာ ဆက်လက် ကူညီသွားမယ်လို့ ကတိပေးပြောဆိုခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013