Home
မြန်မာသတင်း
မူဆယ်တွင် မြို့မပြည်သူ့စစ်အဖွဲ့ ပစ်ခတ်ခံရ၍  ၃ ဦးသေ၊ ၂ ဦး ဒဏ်ရာရ
နန်းမြနဒီ
·
December 3, 2018
ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ကျင်စန်းကျော့ကျေးရွာမှာ မနေ့ညက လုံခြုံရေးယူနေတဲ့ မြို့မပြည်သူ့စစ်အဖွဲ့ဝင် ၅ ဦးကို လက်နက်ကိုင်အဖွဲ့တဖွဲ့က ၀င်ရောက် ပစ်ခတ်သွားရာမှာ လူ  ၃ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရသွားပါတယ်။ မူဆယ်မြို့နဲ့ ၉ မိုင်အကွာ တရုတ်-မြန်မာနယ်စပ် ကျင်စန်းကျော့ကျေးရွာအနီးမှာ မနေ့ည ၁၀ နာရီလောက်က ပြည်သူ့စစ်အဖွဲ့တွေ သေဆုံးဒဏ်ရာရကြောင်း သတင်းကြား သိတာနဲ့ သေဆုံး ဒဏ်ရာရသူတွေကို မူဆယ်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင် ပေးခဲ့တယ်လို့ မူဆယ်ဂရုဏာ လူမှုကူညီရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသောင်းထွန်းက ဒီဗွီဘီကို ပြောပါတယ်။ “ပစ်ခတ်မှုဖြစ်တာကတော့ ည ၉ နာရီလောက်၊ ကျေးရွာလုံခြုံရေးယူနေတဲ့ မြို့မ ပြည်သူ့စစ်အဖွဲ့ကို အရပ်ဝတ်နဲ့ လက်နက်ကိုင်အဖွဲ့ဝင် ၃ ဦးက လာပစ်သွားတာတဲ့ခင်ဗျ။ ကျနော်တို့ အကြောင်းကြားချက်ရတာတော့ ည ၁၀ နာရီလောက်ရှိပြီ။ ၃ ယောက်သေတယ်။ ၂ ယောက် ဒဏ်ရာရတယ်။ မြို့မပြည်သူ့စစ်ကားရော၊ ကျနော်တို့ ဂရုဏာလူမှု ကူညီရေး အဖွဲ့ကားရော သေဆုံးဒဏ်ရာရသူတွေကို မူဆယ်ဆေးရုံ ပို့ပေးခဲ့ပါတယ် ” အပစ်ခံရတဲ့ ပြည်သူ့စစ်အဖွဲ့ဝင်တွေဟာ အသက် ၂၀ ကျော်ဝန်းကျင် လူရွယ်တွေ ဖြစ်ပြီး ဒဏ်ရာရသူ ၂ ဦးအနက် တဦးက ပေါင်ကို  သေနတ်ကျည် ၂ ချက်ထိကာ နောက်တဦးကတော့ နဖူးမှာ မှန်စ လာမှန်တဲ့ဒဏ်ရာရပြီး အသက်အန္တရာယ် စိုးရိမ်ဖွယ်တော့ မရှိဘူးလို့ ဆိုပါတယ်။ အဆိုပါ ကျင်စန်းကျော့ကျေးရွာအနီး လမ်းကြားတခုမှာ အရင်သီတင်းပတ်ကလည်း အမည်မသိ လက်နက်ကိုင်အဖွဲ့က ပြည်သူ့စစ် ၂ ဦးကို ပစ်ခတ် ဖမ်းဆီးခေါ်ဆောင်သွားပြီး   ၁ သေဆုံးကာ ၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024