A d v e r t i s e m e n t With Us

မိုင်းဆတ်​-တာချီလိတ်​ ကားလမ်းပိုင်းကို UWSA က အစိုးရထံ ပြန်လွှဲပြောင်းပေးအပ်

ရှမ်းပြည်​နယ်​အ​ရှေ့ပိုင်း၊ မိုင်းဆတ်​မြို့နဲ့ တာချီလိတ်​မြို့ကို ဆက်​သွယ်​​ထားတဲ့ မိုင်းဆတ်​-တာချီလိတ်​ ကားလမ်းအပိုင်းကို UWSA ‘ဝ’လက်နက်ကိုင်တပ်ဖွဲ့က အစိုးရထံ ပြန်​လည်​လွှဲပြောင်း ပေးအပ်လိုက်ပါတယ်။ အဲဒီလမ်းပိုင်းကို အစိုးရက စီမံ​ဆောင်​ရွက်​နိုင်​ဖို့ ပြန်​လည်​လွှဲ​ပြောင်း ပေးလိုက်တာဖြစ်ပြီး လမ်းအသုံးပြုခတွေကိုလည်း နောင်မှာ ကောက်ခံတော့မှာ မဟုတ်ဘူးလို့ UWSA စစ်​​ဒေသ ၁၇၁ နိုင်​ငံ​ရေးမှူး ဦးအားဖူက ပြောပါတယ်။ "ကျနော်​တို့ စစ်​​ဒေသ ၁၇၁ က ၁၉၉၈ ခုနှစ်​မှာ ဒီလမ်းကို တပ်​မ​တော်အစိုးရနဲ့ ညှိနှိုင်းပြီး မိမိအစီအစဉ်​နဲ့ ​ငွေ​ကြေးလုပ်​အား စိုက်​ထုတ် ဖောက်​လုပ် တိုးချဲ့ခဲ့တဲ့လမ်းဖြစ်​လို့ လမ်းနဲ့ပတ်​သက်​တဲ့ စာရွက်​စာတမ်း​တွေမရှိလို့ လွှဲပြောင်း​ပေးအပ်​တာမှာ စာချုပ်​စာတမ်းနဲ့ လက်​မှတ်​​ရေးထိုးခြင်း မပြုဘဲ ရိုးရိုးရှင်းရှင်းသာ အဖွဲ့က ဒေသခံပြည်​သူလူထုအတွက် ​လက်​​ဆောင်​တ​ရပ်​အဖြစ် ​နိုင်​ငံ​တော်​အစိုးရထံ လွှဲ​ပြောင်း​ပေးအပ်​မှာ ဖြစ်​ပါတယ်​။ နိုင်ငံတော်​က လမ်းစတင်​ပြုပြင်​ချိန်​မှစပြီး လမ်းအသုံးပြုခ​တွေ ကောက်​ခံခြင်း မပြု​တော့ပါဘူး။" မိုင်းဆတ်​/တာချီလိတ် ​ကားလမ်းပိုင်းကို UWSA ​တောင်ပိုင်းစစ်​​ဒေသ ၁၇၁ က ဟုန်​ပန်း​ ဆောက်​လုပ်​​ရေးကုမ္ပဏီအမည်​နဲ့ ၁၉၉၈ ခုနှစ်​က စတင်​ကာ လမ်းတိုးချဲ့တာ၊ ​ကျောက်​ခင်းတာေ​တွ ​ဆောင်​ရွက်​ခဲ့တာပါ။ အဖွဲ့ရန်​ပုံ​ငွေအဖြစ် ​လမ်းအသုံးပြုခ ဆိုင်​ကယ်​တ​စီးကို ထိုင်းဘတ်​​ငွေ ၂၀၊ ယာဉ်​ငယ်​တ​စီး ​ဘတ်​​ငွေ ၁၀၀၊ ယာဉ်​ကြီးတ​စီး ​ဘတ်​​ငွေ ၁၀၀၀ သတ်​မှတ်​ပြီး ကောက်​ခံခဲ့ပါတယ်​။ ခုလို ပြန်လွှဲပေးလိုက်တာနဲ့ ပတ်သက်ပြီး ရှမ်းပြည်​နယ်​အစိုးရအဖွဲ့ အတွင်း​ရေးမှူး ဦးစိုးစိုး​ဇော်​က "အထူး​ဒေသ ၂ မှ​ ဒေသခံပြည်​သူလူထု အကျိုးစီးပွားအတွက် ​လက်​​ဆောင်​အဖြစ်​ မိုင်းဆတ်​-တာချီလိတ်​လမ်းကို အစိုးရထံ ပြန်​လည်​လွှဲ​ပြောင်း ပေးအပ်တဲ့အတွက်​ ရှမ်းပြည်​နယ်​ အစိုးရကိုယ်​စား ​ကျေးဇူးတင် ဝမ်း​မြောက်​မိပါတယ်​။ ပြည်​​ထောင်​စုအစိုးရထံ အမြန်​ဆုံးတင်​ပြပြီး လမ်းပြုပြင်​နိုင်​​ရေး ​ဆောင်​ရွက်​သွားမှာပါ" လို့ ပြောပါတယ်။ မိုင်းဆတ်​-တာချီလိတ်​လမ်းမှာ မိုင်​ ၆၀ ​ကျော်​ရှည်​လျားကာ ၂၀၁၆ ခုနှစ်​ကစတင်​ကာ တ​ဖြည်းဖြည်း ပျက်​စီးလာပြီး အခုနှစ်​မိုးရာသီမှာ သွားလာ​ရေး အခက်ခဲဆုံး အခြေအနေနဲ့ ကြုံတွေ့နေရကာ  မကြာခဏ ယာဉ်တိမ်းမှောက်​၊ လမ်းခရီးကြန့်​ကြာတာ​ကြောင့် ဒေသခံ ခရီးသွားတွေကလည်း လမ်းပြုပြင်​​ဆောင်​ရွက်​​ပေးဖို့ လိုလား​နေပါတယ်။ သတင်း၊ ဓာတ်ပုံ - ​အောင်​​ဇေယျ

A d v e r t i s e m e n t With Us

More News
Up