ဟောလိဝုဒ်ရုပ်ရှင် “Hunter Killer” ၏ ဇာတ်ကွက်များကို ရုရှားသမ္မတ ဝေဖန် (ရုပ်သံ)

1.5K
ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က ဟောလိဝုဒ်ရုပ်ရှင် "Hunter Killer" ရဲ့ ဇာတ်ကွက်တွေဟာ လက်တွေ့မကျဘူးလို့ ဒီဇင်ဘာ ၁ ရက်နေ့က ဝေဖန်လိုက်ပါတယ်။
အာဂျင်တီးနားနိုင်ငံမှာ ကျင်းပနေတဲ့ G-20 ထိပ်သီးညီလာခံအတွင်း သတင်းစာ ရှင်းလင်းပွဲခန်းမကနေ ထွက်ခါနီး ရုရှားသတင်းထောက်ရဲ့ အမေးကို တုံ့ပြန် ပြောဆိုလိုက်တာပါ။
ရုရှား သမ္မတအား ကာကွယ်ရေးဝန်ကြီးက ဓားစာခံ ပြန်ဖမ်းထားတဲ့ ဇာတ်လမ်းကို ဂျရတ်ဘတ်တလာနဲ့ ဂါရီအိုးမဲန်းတို့က ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကွက်နဲ့ ပတ်သက်ပြီး ခုလို တုံ့ပြန် ဖြေကြားတာလည်း ဖြစ်ပါတယ်။
“မဖြစ်နိုင်တဲ့ဇာတ်လမ်းပဲ။ တခုပဲ စဉ်းစားကြည့်လေ၊ အမေရိကန်က ယူကရိန်းကို လက်ဆောင်ပေးထားတဲ့ မော်တာစက်တပ် လှေလေး ၂ စီးဟာ ကာ့ခ်ျရေလက်ကြားကိုတောင် မဖြတ်လိုက်နိုင်ဘူး။ ပြီးတော့ သူတို့က နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘောကို ကျေန်ာတို့ စစ်စခန်းဆီဝင်ပြီး ရပ်ချင်တယ်။ ဆိုးလိုက်တဲ့ ရုပ်ရှင်” လို့ ပူတင်က ပြောပါတယ်။
ရုပ်ရှင်ထဲမှာ ပြန်ပေးဆွဲခံ ခေါင်းဆောင်ကိုကယ်ဖို့ အမေရိကန် ရေငုပ်သင်္ဘောက အာတိတ်စက်ဝိုင်းအတွင်းက ရုရှားစစ်စခန်းထဲကို ဝင်လာပုံကို ရိုက်ကူးထားပါတယ်။
ဒီဇာတ်ကွက်က မဖြစ်နိုင်ဘူးလို့ ပူတင်က ပြောခဲ့ပတာပါ။ ရုပ်ရှင်ကို ရုရှားနိုင်ငံအတွင်း ရုပ်ရှင်ရုံတွေမှာ နိုဝင်ဘာ ၁ ရက်နေ့ကစပြီး ပြသဖို့စီစဉ်ထားပေမယ့် သမ္မတ ပူတင်ရဲ့ အားကောင်းတဲ့ပုံရိပ်ကို လှိုက်စားလိမ့်မယ်လို့ပြောရင်း ဆင်ဆာဖြတ်ခံရတယ်လို့ ရုရှားအစိုးရကို ဝေဖန်သူတွေက ပြောခဲ့ကြတာပါ။
နိုဝင်ဘာ ၈ ရက်နေ့မှာမှ ရုံတင်နိုင်ခဲ့ပါတယ်။ ရုရှားအစိုးရကတော့ ရုံတင်နောက်ကျတာ ဗျူရိုကရေစီ စနစ်ကြောင့်သာ ဖြစ်တယ်၊ ဆင်ဆာကြောင့် မဟုတ်ဘူးလို့ အပြစ်တင်ခဲ့ပါတယ်။