Home
မြန်မာသတင်း
ဟင်္သာတမြို့တွင် စုံတွဲတတွဲ အသတ်ခံရ
အေးနိုင်
·
September 4, 2012
ဧရာဝတီတိုင်း ဟင်္သာတမြို့ တက္ကသိုလ်အနီးမှာ အမျိုးသား၊ အမျိုးသမီး စုံတွဲ သေဆုံးမှုနဲ့ ပတ်သက်ပြီး တရားခံလို့ သံသယရှိသူကို ဒီနေ့ မနက် အရုဏ်မတက်ခင်မှာ ဖမ်းမိထားပြီလို့ မြို့နယ်ရဲက အတည်ပြု ပြောဆိုပါတယ်။ သေဆုံးသူတွေမှာ ဒဏ်ရာတွေ တွေ့ရတယ်လို့ ရဲက ပြောပေမယ့် အသေးစိတ် ထုတ်ဖော်ပြောဆိုဖို့တော့ ငြင်းဆန်ပါတယ်။ စက်တင်ဘာ ၂ ရက်နေ့ မနက် ၁၀ နာရီခန့်က ဟင်္သာတမြို့ ရွာသာကုန်းရပ်ကွက်မှာရှိတဲ့ တက္ကသိုလ်အနောက်လမ်းမှာ ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ မစိန်နဲ့ ကိုကျော်မင်းထွန်းတို့ ၂ ဦးရဲ့ အလောင်းတွေကို မော်တော်ဆိုင်ကယ်နဲ့ ဖိထားတာကို ရဲက တွေ့ရှိ ဖော်ထုတ်ခဲ့တာ ဖြစ်ပါတယ်။ သေဆုံးသူ ၂ ဦးဟာ အသက် ၃၀ ခန့် အရွယ်တွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။ ရဲက ဖမ်းဆီးထားသူဟာ ကိုသံချောင်းဆိုသူ ဖြစ်တယ်လို့ ဟင်္သာတမြို့ခံတဦးက ပြောပါတယ်။ “သူတို့ ၂ ယောက်ကို သတ်ပြီးတော့ ဆိုင်ကယ်နဲ့ဖိထားတာတွေ့တော့ သက်ဆိုင်ရာ ရဲစခန်းက အမှုစစ်လိုက်တော့ ကောင်လေး စီးလာတဲ့ ဆိုင်ကယ်လို့ ပြောတယ်။ နောက်ဆုံးတွေ့လိုက်တဲ့ အချိန်နဲ့ ကွင်းဆက်လိုက် လိုက်တော့ ပြီးခဲ့တဲ့ ညက ၄ နာရီထိုးလောက်မှာ တရားခံကိုမိတယ်။ ဟသာင်္တမြို့ မြ၀တီရပ်ကွက်က နာမည်က သံချောင်းလို့တော့ အကြမ်းဖျင်း သိရတယ်။” မစိန်ဟာ ရွာသာကုန်းရပ်ကွက်ကဖြစ်ပြီး ကိုကျော်မင်းထွန်းဟာ ဟင်္သာတ မီးရထားဝင်းထဲမှာ နေတယ်လို့ဆိုပါတယ်။ သူတို့စုံတွဲဟာ ချိန်းတွေ့ရင်း အသတ်ခံရတာ ဖြစ်နိုင်တယ်လို့ မြို့ခံက ထင်မြင်ချက်ပေးပါတယ်။ “ဒီလမ်းကို မြို့အခေါ်က ချစ်သူလမ်းကြားလို့တောင် ခေါ်ကြတယ်။ လူမြင်သိပ်မခံချင်တဲ့ အတွဲတွေ တွေ့တဲ့လမ်းပေါ့။ ဒါကြောင့်လည်း အခုလို သတ်လို့ရတဲ့ အခွင့်အရေး ရတာပေါ့။ အလောင်းတွေ့တဲ့အချိန်မှာ ရုပ်ပျက်တာ မရှိသေးဘူးဆိုတော့ ၂၄ နာရီ မပြည့်သေးတဲ့ သဘောပဲ။” ရဲက မစိန်နဲ့ ကိုကျော်မင်းထွန်းတို့ရဲ့ အမှုကို သေမှုသေခင်းဖွင့်ပြီး ဖော်ထုတ်နေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024