Home
မြန်မာသတင်း
သမ္မတ ဦးဝင်းမြင့် အမျိုးသားအောင်ပွဲနေ့ သ၀ဏ်လွှာပေးပို့
DVB
·
December 2, 2018
အမျိုးသားရေးစိတ်ဓာတ်အရင်းခံပြီး လွတ်လပ်ရေးအရယူနိုင်ခဲ့လို့ ဒီနေ့မှာ ပြည်ထောင်စုဖွား တမျိုးသားလုံးအနေနဲ့ အချုပ်အခြာ အာဏာပိုင်တဲ့ ပြည်ထောင်စုကြီးအတွင်း လွတ်လွတ်လပ်လပ် ဂုဏ်သိက္ခာရှိရှိ ရပ်တည်နေကြရတာလို့ သမ္မတ ဦးဝင်းမြင့်က ပြောပါတယ်။ ဒီနေ့ကျရောက်တဲ့ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာမှာ ပြောထားတာပါ။ နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲက လွတ်လပ်ရေးရတဲ့အထိ ညီညီညွညွတ် စည်းစည်းလုံးလုံး အတူလက်တွဲ တိုက်ပွဲဝင်ခဲ့ကြသလို ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရေး ကိုလည်း တိုင်းရင်းသားတွေအားလုံး သန္နိဋ္ဌာန်ချကြိုးပမ်းရင် အောင်မြင်မှု ပန်းတိုင်ကို ရောက်မယ်လို့ သမ္မတက ပြောပါတယ်။ လွတ်လပ်ရေးရပြီးနောက် တိုင်းရင်းသားတွေအကြားပေါ်ပေါက်ခဲ့တဲ့ နိုင်ငံရေးခံယူချက် ကွဲပြားတာတွေ၊ အချင်းချင်းသံသယထားခဲ့တာတွေကြောင့် ပြည်တွင်း ပဋိပက္ခတွေ ကာလရှည် ဖြစ်ပေါ်ခဲ့ပြီး ဒီနေ့ထိ ဖွံ့ဖြိုးတိုးတက်မှုတွေ နောက်ကျကျန်ရစ်ခဲ့တယ်လို့လည်း ဆိုပါတယ်။ ဒါကြောင့် နိုင်ငံတကာနဲ့ ရင်ဘောင်တန်းဖွံ့ဖြိုးတိုးတက်လာစေဖို့ သမိုင်းကြောင်း သင်ခန်းစာတွေယူပြီး လက်တွဲကြိုးပမ်း တည်ဆောက်မှပဲ မျိုးဆက်သစ်တွေအတွက် စည်းလုံးညီညွတ်ပြီး အေးချမ်းသာယာတဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီးအဖြစ် ကောင်းမွန်တဲ့ အမွေအနှစ်ကို လက်ဆင့်ကမ်းပေးနိုင်မယ်လို့ သမ္မတရဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။ ဒါကို အမျိုးသားရေးတာဝန်အဖြစ် ပြည်ထောင်စုတိုင်းရင်းသား တမျိုးသားလုံးက အမျိုးသားရေး စိတ်ဓာတ်တွေနဲ့ ဝိုင်းဝန်းထမ်းဆောင်ကြဖို့ ဖြစ်တယ်လို့ ပြောပြီး အမိနိုင်ငံတော်ကြီးကို ငြိမ်းချမ်း သာယာဝပြောတဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီးအဖြစ် ပေါ်ထွန်းလာအောင် ဝိုင်းဝန်း ပူးပေါင်းပါဝင်ဆောင်ရွက်ကြဖို့ အလေးအနက်ထား တိုက်တွန်းထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024