Homeမြန်မာသတင်း
အင်းစိန်မြို့မဈေး အပ်ချုပ်ဆိုင်တွင် ဒီဇယ်ဆီဖြည့် ၀ါယာကြိုးတပ်ပုလင်း တွေ့ရှိမှု အမှုဖွင့်စစ်ဆေး
အင်းစိန်မြို့မဈေး အပ်ချုပ်ဆိုင်တွင် ဒီဇယ်ဆီဖြည့် ၀ါယာကြိုးတပ်ပုလင်း တွေ့ရှိမှု အမှုဖွင့်စစ်ဆေး
DVB
·
November 29, 2018
အင်းစိန်မြို့နယ် မြို့မဈေးက အပ်ချုပ်ဆိုင်တခုမှာ ဝါယာကြိုးတပ်ပြီး ဒီဇယ်ဆီဖြည့်ထားတဲ့ ပုလင်း ၁ လုံး တွေ့ရှိခဲ့တာကြောင့် ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများ အက်ဥပဒေ ပုဒ်မ ၄ နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြထားပါတယ်။
နိုဝင်ဘာ ၂၈ ရက်နေ့ မနက် ၈ နာရီခွဲလောက်က အင်းစိန်မြို့နယ်၊ ဈေးကုန်း(အနောက်) ရပ်ကွက်၊ အင်းစိန်မြို့မဈေး မြေညီထပ် (E) ရုံ မ/၃၆၇ ရှိ အပ်ချုပ်ဆိုင်အတွင်းမှာ ဆိုင်ရှင်ဖြစ်သူ အမျိုးသမီး ဆိုင်ဖွင့်စဉ် ပုလင်းကို တွေ့ရှိခဲ့တာပါ။
အမြင့် ၉ လက်မ၊ လုံးပတ် ၆ လက်မအရွယ် အချိုရည် ဖန်ပုလင်းအတွင်း ဒီဇယ် ၃ ပုံ ၂ ပုံလောက်၊ သံ ၄၇၈ ချောင်းနဲ့ ၀ါယာကြိုး တစအား ပုလင်းအတွင်းထည့်ကာ ပုလင်းအဝအား အဝါရောင်တိပ်နဲ့ ပိတ်ပြီး ကျန်ဝါယာတစကို ဆိုင်အတွင်း မီးပလပ်ခုံမှာ တပ်ထားသည်ကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါပုလင်းကို စအရ (၉၀၅) မှ တပ်မတော်သားတွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ ယမ်းနဲ့ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းများပါဝင်ခြင်း မရှိဘူးလို့ သတင်းမှာ ဖြော်ပထားပါတယ်။
ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းတခုခုနဲ့ လူ့အသက်ဘေး/ပစ္စည်းကို ထိခိုက် ပျက်စီးစေဖို့ အကြံနဲ့ ပြုမူအားထုတ်သူ (စိစစ်ဆဲ) အား အင်းစိန်မြို့မရဲစခန်းက ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများ အက်ဥပဒေ ပုဒ်မ ၄ နဲ့ အမှုဖွင့်စုံစမ်းနေတယ်လို့ သိရပါတယ်။