Home
မြန်မာသတင်း
လယ်ယာမြေသိမ်းဆည်းခံရသည့် ဝမ်းတွင်းတောင်သူများ နစ်နာကြေး မရသေး
DVB
·
November 29, 2018
မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ်အတွင်း ရန်ကုန်-မန္တလေးလမ်းဟောင်း တိုးချဲ့ရာမှာ လယ်ယာမြသိမ်းဆည်းခံ တောင်သူများ နစ်နာကြေး တောင်းဆိုတင်ပြထားပေမယ့် မရကြသေးဘူးလို့ ဒေသခံတောင်သူတွေက ပြောပါတယ်။ လယ်မြေသိမ်းဆည်းခံတောင်သူ ကိုအုန်းကြိုင်က "၂၀၀၁ ခုနှစ်တုန်းက ကျနော်တို့ ရွှေတောင်ရွာအနေနဲ့ ရန်-မန်းလမ်းဟောင်း တိုးချဲ့ဖောက်လုပ်တော့ လယ်ယာမြေဧက ၅၀ လောက် ပါသွားတယ်။ နစ်နာကြေးရဖို့ စာတင်ထားတယ်။ အခုထိ မရသေးဘူး။ အခြား မြို့နယ်တွေမှာ ရကုန်ပြီ၊ ကျနော်တို့လည်း အမြန်ဆုံးရချင်ပါတယ်" လို့ ဒီဗွီဘီကို ပြောပါတယ်။ တောင်သူ ဒေါ်တင်မြက "ကျမတို့မှာ လယ်ယာမြေလေးတကွက်ရှိပါတယ်။ လမ်းချဲ့တော့ သိမ်းတဲ့အထဲပါသွားတယ်။ ဘာလုပ်စားရမှန်း မသိပါဘူး။ နစ်နာကြေးရဖို့ တင်ပြထားတယ်။ အခုထိတော့ ဘာမှမပေးသေးပါဘူး" လို့ ပြောပါတယ်။ တောင်သူများကူညီရေး အလင်းတန်း အဖွဲ့မှ ကိုမျိုးဝင်းသန့်က "အခုဝမ်းတွင်းမြို့နယ်က သိမ်းဆည်းသွားတဲ့ လယ်ယာမြေတွေ အတွက် တောင်သူ ၂၅၀ ကျော်ရဲ့ လက်မှတ်ထိုး လက်ဗွေနှိပ်ပြီး ဇူလိုင်လ ၂၄ရက်မှာ တိုင်းအစိုးရ ဆီ တင်ထားတယ်။ ဇူလိုင်လ ၃၁ ရက်မှာ ပြည်ထောင်စုဝန်ကြီးဆီ တင်ပြတယ်။ အခုဆို ၄ လ ရှိသွားပြီ။ ရမယ် မရဘူး ဘာမှအကြောင်း မပြန်သေးဘူး။ တခြားမြို့ဖြစ်တဲ့ မလိုင်မှာ လယ်ယာမြေအတိုင်းအတာ လာစစ်သွားပြီ ဝမ်းတွင်းမြို့နယ်ထဲမှာ နစ်နာကြေးတော့ မပေးသေးဘူး၊ လမ်းနဲ့ မလွတ်တာတွေကို နှင်တဲ့စာ လာပေးနေတယ်"လို့ ဒီဗွီဘီကို ပြောပါတယ်။ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သူက "နစ်နာကြေးတင်ပြတဲ့ တောင်သူတွေကို ကျနော်ကပဲ တိုင်းအစိုးရအဖွဲ့ဝန်ကြီးဆီ တွေ့ခိုင်းတယ်။ အဲနေ့ ဝန်ကြီးဆီမှာ ဧည့်သည်တွေများတော့ မတွေ့လိုက်ရဘူး ပြောတယ်။ နောက်နေ့ ဆက်လာပါလားလို့ ကျနော်က ထပ်ခေါ်သေးတယ်၊ ဘာပဲဖြစ်ဖြစ် အခုချိန်လောက်ဆို သက်ဆိုင်ရာဝန်ကြီးဌာနက အကြောင်းပြန် ပေးသင့်ပြီပေါ့"လို့ ပြောပါတယ်။ သပြေဝတိုးဂိတ်မှ ဝမ်းတွင်းမြို့နယ် ကိုင်းရွာအဆုံးအထိ ၂၀၀၁ ခုနှစ်က ရန်ကုန်-မန္တလေး လမ်းဟောင်းအတွင်း ၂ လမ်းသွားတိုးချဲ့ ဖောက်လုပ်ရာ လမ်းရှည် မိုင် ၃၀ကျော် ရှိနေပါတယ်။ လမ်းတလျောက် သိမ်ဆည်းခံရတဲ့ တောင်သူတွေရဲ့ လယ်ယာမြေတွေ ဒီနေ့အထိ နစ်နာကြေး မရကြသေးဘူးလို့ ဒေသခံ တောင်သူတွေဆီက သိရပါတယ်။ သတင်း-မောင်မောင်လင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024