ပြည်ထောင်စုအစိုးရချေးငွေ ကျပ် ဘီလီယံ ၉၀၀၀ ခန့်ရှိပြီး ခွင့်ပြုချေးငွေထက် ပိုနေ
ရွှေအောင်
·
November 29, 2018

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ပြည်တွင်းပြည်ပချေးငွေ ကျပ် ဘီလီယံ ၉၀၀၀ ခန့် ရှိနေပြီး ချေးယူဖို့ခွင့်ပြုငွေပမာဏထက် ကျပ်ဘီလီယံ ၅၂၀၀ ပိုမိုခဲ့တယ်လို့ ပြည်သူ့ငွေစာရင်းပူးပေါင်းမှုကော်မတီက တင်ပြခဲ့ပါတယ်။
နိုဝင်ဘာ ၂၉ရက် ပြည်ထောင်စုလွှတ်တော်မှာ ပြည်ထောင်စုအစိုးရကပေးပို့တဲ့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် အစိုးရရဲ့ ကြွေးမြီဆိုင်ရာနှစ်ပတ်လည်အစီရင်ခံစာအပေါ် ကော်မတီက လေ့လာတွေ့ရှိချက်မှာ ဖော်ပြထားတာပါ။
ပြည်တွင်းပြည်ပချေးငွေ စုစုပေါင်း ကျပ် ၈၉၄၉ဘီလီယံ ရှိနေတာဖြစ်ပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာ ကမ္ဘာ့ဘဏ်ကနေ အများဆုံး ချေးယူထားတာ ဖြစ်ပါတယ်။
တရုတ်နဲ့ ဂျပန်နိုင်ငံတို့အပါအ၀င် နိုင်ငံတွေနဲ့ အဖွဲ့အစည်းပေါင်း ၂၁ခုကနေ ချေးငွေရယူထားတာ ဖြစ်ပြီး နိုင်ငံတော်နဲ့ ၀န်ကြီးဌာန ၁၆ခုက ချေးယူထားတာ ဖြစ်ပါတယ်။
အမေရိကန်ဒေါ်လာဈေး အပြောင်းအလဲကြောင့် အတိုးပေးရတဲ့ငွေ တိုးတက်များပြားခဲ့ပြီး အမေရိကန်ဒေါ်လာသန်းပေါင်း ၈၁၉ သန်းကျော် ပိုမိုပေးဆပ်ခဲ့ရတယ်လို့ ပြည်သူ့ ငွေစာရင်း ပူးပေါင်းကော်မတီက ဖော်ပြပါတယ်။
ပြည်ပချေးငွေစုစုပေါင်းရဲ့ ၉၇ ရာခိုင်နှုန်းကျော်ဟာ တရုတ်နိုင်ငံကို ပြန်လည်ပေးဆပ်ရမှာ ဖြစ်ပါတယ်။ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနဟာ ချေးငွေအများဆုံး ရယူသုံးစွဲနေပြီး သူ့နောက်မှာ စီမံဘဏ္ဍာဝန်ကြီးဌာနက ဒုတိယအများဆုံး ချေးယူထားပါတယ်။
စီမံဘဏ္ဍာဝန်ကြီးဌာနကတဆင့် တခြားဝန်ကြီးဌာနတွေကို ထပ်ဆင့်ထုတ်ချေး နေတာလည်း ဖြစ်ပါတယ်။ ကြွေးမြီဝန်ထုတ်ဝန်ပိုး မဖြစ်စေဖို့ ဘတ်ဂျက်လိုငွေကို ဂျီဒီပီရဲ့ ၅ ရာခိုင်နှုန်းထက် မကျော်လွန်အောင် ထိန်းသိမ်းဆောင်ရွက်ဖို့ ငွေစာရင်းကော်မတီက အကြံပြုထားပါတယ်။