Home
ရုပျသံ
ရုပ်ရှင်ဝါသနာအိုးတို့အတွက် ဘယ်ရုံမှာ ဘာကားတွေပြနေသလဲ(ရုပ်သံ)
DVB
·
November 29, 2018
ဒီတပတ် ဒီဗွီဘီရဲ့ Movie Crazy – DVB အစီအစဉ်မှာ ရုပ်ရှင်ဝါသနာအိုးတွေအတွက် ပုံမှန်တင်ဆက်နေကြဖြစ်တဲ့ နိုင်ငံတကာနဲ့ ပြည်တွင်းက ကောင်းနိုးရာရာ ရုပ်ရှင်ဇာတ်ကားတွေကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။     မူဗီခရေဇီတွေကို ပထမဆုံး မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားကတော့ ဖြစ်ရပ်မှန် အတ္ထုပ္ပတ္တိ Sports Drama အမျိုးအစား ရုပ်ရှင်ပရိသတ်တွေ အကြိုက်တွေ့ကြမယ့် ရုပ်ရှင် Tiger ! ဒီကားကိုတော့ သြစတြေးလျ ရုပ်ရှင်ဒါရိုက်တာ Alister Grierson က ရိုက်ကူးပုံ ဖော်ပေးထားတာ ဖြစ်ပါတယ်။     ဒီရုပ်ရှင်ကားကတော့ ဘာသာရေးခံယူချက်၊ ယုံကြည်မှုတခုကြောင့် ဖိနှိပ်ခွဲခြားခံခဲ့ရတဲ့ ကနေဒါနိုင်ငံက ဖလိုင်းဝိတ်တန်းလက်ဝှေ့ချန်ပီယံ Pardeep Singh Nagra ရဲ့ အကြောင်းကို ရိုက်ကူးပုံဖော်ပေးထားတာပါ။ သူဟာ ဆစ်ခ်ဘာသာဝင်တယောက်ဖြစ်ပါ တယ်။ ဘာသာရေးယုံကြည်မှုအရ သူ့ရဲ့ မျက်နှာပေါ်မှာ ထားထားတဲ့ မုတ်ဆိတ်မွှေး၊ နှုတ်ခမ်းမွှေး ရှည်တွေကို ရိတ်သင်ဖယ်ရှားရမယ်လို့ Boxing Commission က ပြောလာချိန်မှာ သူက ငြင်းပယ်လိုက်ပြီးနောက်မှာတော့ ဖိနှိပ်မှု၊ မမျှတမှု၊ ပြိုင်ဘက်တွေရဲ့ မနာလိုဝန်တိုမှုနဲ့၊ သက်ဆိုင်ရာက ဖိအားတွေကို သူဟာ ဘယ်လိုတွန်းဖယ်ပြီး ပြန်လည် ရင်ဆိုင်တိုက်ခိုက်နိုင်ခဲ့သလဲဆိုတာတွေကို ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာ အဓိကဇာတ်ကောင် လက်ဝှေ့ချန်ပီယံ Pardeep Singh Nagra နေရာမှာ ဘောလိဝုဒ်သရုပ်ဆောင်မင်းသား Prem Singh က ခေါင်းဆောင် ပါဝင်ထားပြီး သူ့ရဲ့ လက်ဝှေ့နည်းပြနေရာမှာတော့ အမေရိကန် သရုပ်ဆောင်မင်းသား Mickey Rourke က သရုပ်ဆောင်ထားခဲ့တာ ဖြစ်ပါတယ်။ အမေရိကန် သရုပ်ဆောင်မင်းသမီး Janet Parrish ကတော့ လက်ဝှေ့ချန်ပီယံ Pardeep Singh Nagra ရဲ့ ချစ်သူ ရှေ့နေမလေးတယောက်အဖြစ် ပါဝင်သရုပ်ဆောင်ထားခဲ့တာ ဖြစ်ပါတယ်။ ဒီကားထဲမှာ ပါဝင်တဲ့ ကြမ်းတမ်းတဲ့ တိုက်ခိုက်မှုတွေ၊ ပြကွင်းပြကွက်တွေ၊ ဇာတ်ဝင်ခန်း Dialog တွေဟာ အသက် ၁၃ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ PG-13 အဆင့် သတ်မှတ်ထားပါတယ်။ ဒီကားကို San Diego International Film Festival မှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ ရက်နေ့က ပြသခဲ့ပြီး Best Feature Film ဆုကို ရရှိထားတဲ့ ဇာတ်ကားတကားပါ။ ကြာမြင့်ချိန် မိနစ် ၁၀၀ ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် နိုဝင်ဘာ ၃၀ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။     နောက်ထပ် မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားကတော့ နာမည်ကြားလိုက်ရုံနဲ့ ပရိသတ်တွေ ရင်းနှီးကြမှာဖြစ်တဲ့ Mowgli: Legend of the Jungle !     ဒီကားကိုတော့ Warner Bros. ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ်ပြီး ဗြိတိန်ရုပ်ရှင်ဒါရိုက်တာ Andy Serkis က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။     ဒီကားဟာ မနှစ်ကထွက်ရှိခဲ့တဲ့ The Jungle Book 3D ရုပ်ရှင်ကားကို အသစ် ပြန်လည် ဖန်တီးရိုက်ကူးထားခဲ့တာဖြစ်ပြီး တောထဲမှာ ၀ံပုလွေတွေရဲ့ ပြုစုစောင့်ရှောက်မှုနဲ့ တောတွင်း တိရစ္ဆာန်တွေနဲ့အတူ ကြီးပြင်းလာရတဲ့ မိဘမဲ့ကလေးငယ် Mowgli အကြောင်းကို ပုံဖော် ရိုက်ကူးပေးထားတာ ဖြစ်ပါတယ်။ Mowgli နေရာမှာတော့ အသက် ၁၄ နှစ်အရွယ် ကလေးသရုပ်ဆောင်တဦးနဲ့ ထူးထူးခြားခြား ဖန်တီးထားခဲ့တာပါ။     ဒီကားရဲ့ အဓိကဇာတ်ကောင် တောတွင်းသားလေး Mowgli နေရာမှာတော့ အမေရိကန် ကလေးသရုပ်ဆောင် Rohan Chand က ခေါင်းဆောင်ပါဝင်ထားခဲ့တာပါ။ သူ့ရဲ့ သူငယ်ချင်းကျားကြီး Shere Khan နေရာမှာတော့ Marvel Super Hero ဇာတ် ကောင် Doctor Strange အဖြစ် နာမည်ကြီးတဲ့ ဗြိတိန်မင်းသား Benedict Cumberbatch က အသံနဲ့ ပါဝင်အားဖြည့်ထားပြီး Mowgli ရဲ့ အယုံကြည်ရဆုံးဖြစ်တဲ့ အသက် ၁၀၀ ကျော်သက်တမ်းရှိတဲ့ မြွေကြီး Kaa နေရာမှာတော့ သြစတြေးလျ ရုပ်ရှင် သရုပ်ဆောင်မင်းသမီး Cate Blanchett တို့နဲ့အတူ တခြားသရုပ်ဆောင်တွေအများကြီး က အသံနဲ့ အားဖြည့် ပါဝင်ထားကြတာ ဖြစ်ပါတယ်။     ဒီကားထဲမှာ ပါဝင်တဲ့ ဇာတ်ဝင်ခန်းတွေ၊ ပြကွင်းပြကွက်တွေ၊ မြင်ကွင်းတွေဟာ အသက် ၁၃ နှစ်အောက်ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ PG-13 အဆင့် သတ်မှတ်ထားပါတယ်။     ကြာမြင့်ချိန် ၁၀၄ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် နိုဝင်ဘာ ၂၉ ရက်နေ့မှာ ဗြိတိန်နဲ့ အမေရိကန်နိုင်ငံတွေမှာ စတင်ပြသသွားမှာဖြစ်ပြီး တကမ္ဘာလုံးမှာတော့ ဒီဇင်ဘာ ၇ ရက်နေ့ ပြသတော့မှာ ဖြစ်ပါတယ်။     မူဗီခရေဇီတွေကို နောက်ထပ် မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားကတော့ ထူးထူးခြားခြား မြန်မာရုပ်ရှင်ကားတကား ဖြစ်တဲ့ အဆိပ်ရှိ လူရိုင်း !     ဒီကားကိုတော့ ဒုဋ္ဌ၀တီကိုလွန်၍ ရုပ်ရှင်ကားနဲ့ စတင်ခဲ့တဲ့ Golden Hour ရုပ်ရှင် ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ်ပြီး ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ) က ရိုက် ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။     မိသားစုရေးရာနဲ့ နှလုံးသားရေးရာ ပြဿနာတွေကြောင့် စိတ်ဝေဒနာခံစားရပြီး လူသတ်မှုတွေ ဆက်တိုက်ကျူးလွန်တဲ့ လူငယ်တယောက်အကြောင်းကို ဒီကားထဲမှာ အဓိက ပုံဖော်ရိုက်ကူးထားတာဖြစ်ပြီး ဘယ်လိုအက်ရှင်ဒရာမာ ပြကွက်တွေနဲ့ ပုံဖော် ရိုက်ကူးထားမလဲဆိုတာကိုတော့ ပရိသတ်တွေက မကြာခင်မှာ ရှုစားကြရတော့မှာ ဖြစ်ပါတယ်။     ဒီကားထဲမှာတော့ တွဲဖက်မှုအသစ်တွေနဲ့ သရုပ်ဆောင်မင်းသားတွေဖြစ်ကြတဲ့ နိုင်းနိုင်း၊ ခါရာ၊ ထွန်းကိုကို၊ မင်းသမီး ရွှေသမီးတို့နဲ့အတူ တခြားသရုပ်ဆောင်တွေ အများကြီးကလည်း ပါဝင်သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။     အဆိပ်ရှိ လူရိုင်းရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၃ ရက်နေ့က ရန်ကုန်မြို့၊ Junction City မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။     ဒီကားကိုတော့ လာမယ့် နိုဝင်ဘာလ ၃၀ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါ တယ်။     နောက်ထပ် မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ ခရစ္စမတ်ကာလအမီ ထွက်ရှိလာတဲ့ Horror Zombie Musical အမျိုးအစားရုပ်ရှင်ပရိသတ်တွေအကြိုက် Anna and the Apocalypse !     ဒီကားကိုတော့ Orion Pictures က တင်ဆက်လိုက်တာဖြစ်ပြီး စကော့တလန် ရုပ်ရှင်ဒါရိုက်တာ John McPhail က ရိုက်ကူး ပုံဖော်ပေးထားတာ ဖြစ်ပါတယ်။     ခရစ္စမတ်ကာလတခုဆီ အခြေပြုရိုက်ကူးထားတဲ့ ဒီကားထဲမှာတော့ အိပ်ပျော်နေ တဲ့ Little Haven ဆိုတဲ့ မြို့ကလေးကို ဖျက်ဆီးဖို့ Zombie တွေ ရောက်လာချိန်မှာ အထက်တန်းကျောင်းသူလေး Anna နဲ့ သူ့ရဲ့ သူငယ်ချင်းတွေက ခရစ္စမတ်သီချင်းတွေ ဆိုရင်း၊ ကခုန်ရင်း ဘယ်လိုတုံ့ပြန်တိုက်ခိုက်ပြီး ကာကွယ်ကြမလဲ။ ဘယ်လိုသွေးပျက် ထိတ်လန့်စရာ ပြကွင်းပြကွက်တွေနဲ့ ပုံဖော်ရိုက်ကူးထားမလဲဆိုတာတွေကို ဒီကားထဲမှာ ရှုစားကြရမှာပါ။ ဒီကားဟာ ၂၀၁၀ ပြည့်နှစ်က BAFTA ရုပ်ရှင်ထူးချွန်ဆုရရှိထားခဲ့တဲ့ ဇာတ်လမ်းတို Zombie Musical ကို အခြေခံပြီး ရိုက်ကူးပုံဖော်ပေးထားတာလည်း ဖြစ်ပါတယ်။     ဒီရုပ်ရှင်ကားထဲက အဓိကဇာတ်ကောင် Anna နေရာမှာ ဗြိတိန်သရုပ်ဆောင်မင်းသမီး Ella Hunt က ခေါင်းဆောင်ပါဝင်ထားပြီး သရုပ်ဆောင်မင်းသားမင်းသမီးတွေဖြစ်ကြတဲ့ Malcolm Cumming၊ Sarah Swire တို့နဲ့ တခြားသရုပ်ဆောင်တွေ အများကြီးက ပါဝင်ထားကြတာ ဖြစ်ပါတယ်။     ဒီကားထဲမှာတော့ သွေးထွက်သံယိုမြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေ၊ တိုက်ခိုက်မှုတွေနဲ့ ဇာတ်ဝင်ခန်း Dialog တွေ ပါဝင်နေတာမို့ အသက် ၁၇ နှစ်အောက် ကလေးငယ်တွေကို မိဘအုပ်ထိန်းသူခွင့်ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ Restricted R အဆင့် သတ်မှတ်ထားပါတယ်။ IMDb မှာလည်း Rating 6.7 ထိ ရရှိထားပြီး ကြာမြင့်ချိန် ၉၂ မိနစ်ရှိတဲ့ ဒီရုပ်ရှင် ကားကိုတော့ လာမယ့် နိုဝင်ဘာလ ၃၀ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။     မူဗီခရေဇီတွေကို နောက်ဆုံးမိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားကတော့ မြန်မာ အချစ်ဟာသရုပ်ရှင်ပရိသတ်တွေ အကြိုက်တွေ့ကြမယ့် ဘူဇွာဟိုတယ် !     ဒီကားကိုတော့ ဆောင်းညပြာသို ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ်ပြီး မူပိုင်နှင်းဆီရဲ့ ဇာတ်လမ်းကို ဒါရိုက်တာ ပြည်ဟိန်းသီဟက ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။     ဘူဇွာဟိုတယ်ဆိုတာကတော့ ချောင်းသာမှာ အသစ်ဖွင့်လိုက်တဲ့ ဟိုတယ်တခုဖြစ်ပြီး အဲဒီဟိုတယ်မှာ ၀န်ထမ်းအစစ်မရှိပဲ မိသားစုတွေချည်း အလုပ်ပြန်ခန့်ထားတဲ့ ဟိုတယ်။ သူတို့နဲ့ ဟိုတယ်ကို လာရောက်တည်းခိုတဲ့ ဧည့်သည်တွေနဲ့ ထိပ်တိုက်ကြုံတွေ့ရချိန်မှာတော့ ဘယ်လို အလွဲအချော်တွေ၊ ကမောက်ကမဖြစ်ရပ်တွေနဲ့ ရင်ဆိုင်ကြရမလဲ ဆိုတာတွေကို ပရိသတ်တွေက ဒီကားထဲမှာ ရှုစားကြရမှာပါ။     ဒီကားထဲမှာတော့ သရုပ်ဆောင်မင်းသား မြင့်မြတ်နဲ့ မင်းသမီး ရွှေသမီးတို့က ခေါင်းဆောင်ပါဝင်ထားပြီး ဟာသသရုပ်ဆောင်တွေ ဖြစ်ကြတဲ့ ခင်လှိုင်၊ ဒိန်းဒေါင်၊ တက္ကသိုလ် ဂွမ်းပုံတို့နဲ့အတူ ဟာသ သရုပ်ဆောင်တွေ အများကြီးက ပါဝင်ထားကြတာ ဖြစ်ပါတယ်။     ဘူဇွာဟိုတယ် ရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၅ ရက်နေ့က ရန်ကုန်မြို့၊ သမ္မတ ရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။     ဒီကားကိုတော့ လာမယ့် နိုဝင်ဘာလ ၃၀ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ Movie Crazy-DVB အစီအစဉ်ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညတိုင်း ၇.၃၀ နာရီမှာ ထုတ်လွှင့်ပြသနေတာဖြစ်ပါတယ်။ ကြည့်ရှုဖို့ မမီလိုက်တဲ့ ပရိသတ်တွေအနေနဲ့ ကြာသပတေးနေ့ည ၉.၃၀ နာ ရီ၊ စနေနေ့ နေ့လယ် ၁၂.၁၅ နာရီနဲ့ တနင်္ဂနွေနေ့မနက် ၉.၁၅ နာရီတို့မှာ ပြန်လည်ထုတ်လွှင့်ပေးနေတာ ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ Movie Crazy တွေအတွက် နိုင်ငံတကာနဲ့ မြန်မာရုပ်ရှင်ကားတွေ အကြောင်းကို ကောင်းနိုးရာရာ ရွေးချယ်တင်ဆက်ပေးနေတာဖြစ်ပြီး Movie Crazy-DVB ဆိုတဲ့ Facebook စာမျက်နှာကနေတဆင့်လည်း ကြည့်ရှုအားပေးနိုင်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024