
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ်တာဝန်ယူထားတဲ့ တရုတ်-မြန်မာစီးပွားရေးစင်္ကြံ “The Belt and Road” အကောင်အထည်ဖော်ဆောင်ရေးဆိုင်ရာ ဦးဆောင်ကော်မတီကို ဖွဲ့စည်းထားပြီးဖြစ်တယ်လို့ ရန်ကုန်ရှိ တရုတ်သံရုံးက ထုတ်ပြန်ပါတယ်။
ကော်မတီမှာ သက်ဆိုင်ရာဌာနတွေ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေ ပါဝင်ပြီး ကော်မတီရဲ့ ယန္တရားကို အပြည့်အဝအသုံးချကာ စင်္ကြံတည်ထောင်ရာမှာ လက်တွေ့ ပူးပေါင်းဆောင်ရွက်မှု အကျိုးရလဒ်တွေ ပိုမိုရရှိနိုင်အောင် တွန်းအားပေးရင်း နှစ်နိုင်ငံ ပြည်သူလူထုကို အကျိုးပြုချင်တယ်လို့လည်း သံရုံးထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ ပူးတွဲတည်ထောင်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာကို ပြီးခဲ့တဲ့ စက်တင်ဘာလက တရုတ်-မြန်မာနှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။
ပထမအကြိမ် စကြံင်္ပူးတွဲကော်မတီ အစည်းအဝေးကို ကျင်းပပြီး ၁၅- ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲကာလအတွင်းမှာ လူဦးရေ ၃၀၀ လောက် တက်ရောက်တဲ့ တရုတ်-မြန်မာ စီးပွားရေးစကြံင်္ဖိုရမ်ကိုလည်း ကျင်းပခဲ့တယ်။
လတ်တလော ကျောက်ဖြူ အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်း မူဘောင်သဘောတူစာချုပ်၊ မူဆယ်-မန္တလေး ရထားလမ်း စီမံကိန်း ဖြစ်နိုင်ခြေလေ့လာမှု နားလည်မှုစာချွန်လွှာစတဲ့ပူးပေါင်းဆောင်ရွက်ရေး စာချုပ်တွေကိုလည်း နှစ်နိုင်ငံအစိုးရတွေ လက်မှတ်ရေးထိုးခဲ့တယ်။
ဒါ့အပြင် ရန်ကုန်မြို့သစ်၊ တရုတ်-မြန်မာနယ်စပ် စီးပွားရေးဇုန်စတဲ့ လုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်ဖို့ ညှိနှိုင်းဆွေးနွေးခဲ့ကြတယ်လို့ သံရုံးထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။
စင်္ကြံပူးတွဲတည်ထောင်ရေးမှာ တရုတ်-မြန်မာနှစ်နိုင်ငံ ကုမ္ပဏီတွေ ငွေရေးကြေးရေးအဖွဲ့ အစည်းတွေ ပါဝင်လာဖို့ အားပေးတဲ့အပြင် အခြားနိုင်ငံက ကုမ္ပဏီတွေ၊ ငွေရေးကြေးရေး အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေပါ ပါဝင်လာဖို့ လည်း ဖိတ်ခေါ်ထားပါတယ်။
တရုတ်-မြန်မာစီးပွားရေးစင်္ကြံ ပူးတွဲတည်ထောင်ရေးဟာ တရုတ်နိုင်ငံယူနန်ပြည်နယ်က အစပျိုးပြီး မြန်မာနိုင်ငံ ရန်ကုန်နဲ့ ကျောက်ဖြူကို ဖြာထွက်သွားတဲ့ စင်္ကြံကို အဓိကဒေသအဖြစ် သတ်မှတ်ထားတဲ့ နှစ်နိုင်ငံဘက်စုံ စီးပွားကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်း ဆောင်ရွက်တဲ့ စီမံကိန်းကြီးဖြစ်ပါတယ်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင်ရဲ့ ဒုတိယဥက္ကဋ္ဌဖြစ်သူH.E. Mr. Ning Jizhe တို့ နိုဝင်ဘာ ၂၆ရက်က နေပြည်တော် တွေ့ဆုံမှုအပြီးမှာ တရုတ်သံရုံးရဲ့ ကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။










