Home
မြန်မာသတင်း
အအေးလွန်ကဲဒဏ်ခံနေရသည့် ကချင်စစ်ရှောင်ဒုက္ခသည်များ အနွေးထည်များလိုအပ်နေ
DVB
·
November 28, 2018
ကချင်ပြည်နယ်၊ စစ်ရှောင်စခန်းတွေရှိတဲ့ဒေသမှာ အအေးလွန်ကဲနေပြီး စားနပ်ရိက္ခာနဲ့ အနွေးထည်တွေ အရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့ ကချင်လူမှုကူညီရေး အဖွဲ့တွေက ပြောပါတယ်။ ကချင်ပြည်နယ်မှာ လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ်ကစပြီး ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ)နဲ့ တပ်မတော်တို့ကြား တိုက်ပွဲတွေပြန်လည်ဖြစ်ပွားခဲ့ရာမှာ လူ ထောင်ပေါင်းများစွာ ထွက်ပြေး တိမ်းရှောင်ခဲ့ရပါတယ်။ ပူတာအို၊ ချီဖွေ၊ ပန်ဝါအစရှိတဲ့ဒေသတွေမှာ အပူချိန် ရေခဲမှတ်ရောက်အောင် အေးခဲနေပြီး ဒေသခံတွေအနေနဲ့ အနွေးထည်တွေနဲ့ စားနပ်ရိက္ခာအကူအညီတွေ လိုအပ်နေ တယ်လို့ ကချင်ငြိမ်းချမ်းရေးကွန်ရက်အဖွဲ့က အက်စတာဇေနော်က ပြောပါတယ်။ “တောင်ပေါ် ဒေသတွေဆိုလို့ရှိရင် တာလပတ်နဲ့ပဲ အမိုးမိုးတယ်။ အခင်းက လည်း တာလပတ်အခင်းနဲ့အခါကျတော့ အခုလိုမျိုး အရမ်းအေးတဲ့အချိန်မှာဆိုရင် အရမ်းကိုဒုက္ခ ရောက်ကြတယ်။ တာလပတ်ကလည်း ဘယ်လိုမှ အအေးဒဏ်ကို မကာကွယ်ဘူးပေါ့နော်။ ပြီးတော့ အစကယာယီပဲ ပြေးပဲ ပြေးကြတော့ တာလပတ်လိုမျိုးနဲ့ မိုးကြတာပေါ့နော်။ ဒါပေမယ့် အခု ၇ နှစ် ၈ နှစ်ထဲရောက်လာတဲ့အခါကျတော့ ဒီအဆောက်အဦတွေကလည်း ပြန်ပြင်ဖို့အတွက် လိုအပ်နေပြီ၊ ဒါပေမယ့် အဲဒီအတွက်လည်း အများကြီးအခက်အခဲရှိနေတယ်။ တဖက်မှာလည်း ကျန်းမာရေး အထောက်အပံ့တွေကလည်းမရောက်တော့ ဒီအနွေးထည်မရှိတဲ့ဟာက ကျန်းမာရေး အထောက်အပံ့ မလုံလောက်တဲ့ဟာက ပိုပြီးဆိုးဝါးစေတယ်ပေါ့နော်။” ကေအိုင်အေနဲ့ အစိုးရတပ်တို့အကြား တိုက်ပွဲတွေကြောင့် ကချင်ပြည်နယ်နဲ့ ရှမ်းပြည်မြောက်ပိုင်းမှာ လူပေါင်းသိန်းနဲ့ချီ စစ်ရှောင်ဒုက္ခသည်စခန်းတွေမှာ ကာလရှည်ကြာ ထွက်ပြေး ခိုလှုံနေရပါတယ်။ စစ်ဘေးရှောင်စခန်းတွေမှာ အရင်က လူတယောက်ကို ကျပ် ၁၂၀၀၀ နှုန်းနဲ့ အကူအညီ တွေရခဲ့ပေမယ့် ၂၀၁၆ ခုနောက်ပိုင်းမှာ ကျပ် ၉၀၀၀ သာရရှိခဲ့ပါတယ်။ ဒါ့အပြင် အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ကြား လူငယ်တွေကို ထောက်ပံ့ငွေ ဖြတ်တောက်လိုက်တဲ့အတွက်လည်း လူကုန်ကူးမှု ပြဿနာတွေ များစွာရှိတေယ်လို့လည်း အက်စတာဇေနော်က ပြောပါတယ်။ “ ဒီလိုမျိုးဖြတ်တောက်လိုက်တာက လူငယ်တွေကို အလုပ်အကိုင်ရှာဖွေစေချင်လို့၊ စခန်းမှာပဲ မှီခိုနေတာ မဖြစ်စေချင်လို့ ဆိုပေမယ့် လူငယ်တွေ ရှိနေတဲ့ဒေသမှာ အလုပ်အကိုင် မရှိဘူးရှင့်။ ဆိုတော့ နောက်ထပ်နောက်ဆက်တွဲတွေက လူကုန်ကူးမှုတွေလည်း ဖြစ်လာတယ်။ အထူးသဖြင့် တရုတ်ပြည်ဘက်ကို သွားကြတာပေါ့နော်။ အလုပ်အကိုင် ရှားပါးတဲ့အခါကျတော့ စစ်ဘေးရှောင်စခန်းက လူတွေက အလုပ်ကလည်းမရလို့လည်း မဖြစ်တဲ့အခါမှာ စီးပွားရေးသမားတွေကလည်း ခေါင်းပုံဖြတ်တာမျိုးတွေလည်း လုပ်လာကြတာပေါ့နော်။” တပ်မတော်နဲ့ ကေအိုင်အေတို့အကြား ၂၀၁၁ ခုနှစ် ဇွန် ၉ ရက်မှာ အပစ်အခတ်ရပ်စဲရေး ပျက်သွားပြီး တိုက်ပွဲတွေ တကျော့ပြန်ဖြစ်ပွားခဲ့တာကြောင့် စစ်ဘေးရှောင်ပြည်သူ  ၁၃၀,၀၀၀ ကျော်ဟာ စစ်ဘေးရှောင်စခန်း ၁၇၀ ခုမှာ ခိုလှုံနေရကြရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024