DVB Logo
Home
မြန်မာသတင်း
ရုပ်ရှင်လောကအတွက် အပြောင်းအလဲ ဖြစ်လာမည်ဟု မျှော်လင့်
DVB
·
September 3, 2012
ရုပ်ရှင်လောကအတွက် အပြောင်းအလဲ ဖြစ်လာမည်ဟု မျှော်လင့်
Donate to DVB

ပြန်ကြားရေးဝန်ကြီးအသစ် ဦးအောင်ကြည်နဲ့ ရုပ်ရှင်အစည်းအရုံးတွေ့ဆုံမှုကို ရုပ်ရှင်လောကသားတွေက ကောင်းသောတွေ့ဆုံမှုအဖြစ် ကြိုဆိုလိုက်ကြပြီး၊ ရုပ်ရှင်လောကအတွက် တခုခုအပြောင်းအလဲ ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်မိအကြောင်း မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ပြောပါတယ်။

ပြန်ကြားရေးဝန်ကြီးအသစ် ဦးအောင်ကြည်နဲ့ ရုပ်ရှင်အစည်းအရုံးက အနုပညာရှင်တွေ မနေ့က ရန်ကုန်မြို့ ဗဟန်းမြို့နယ်မှာရှိတဲ့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးခန်းမမှာ တွေ့ဆုံခဲ့ဆွေးနွေးခဲ့ကြပါတယ်။

တွေ့ဆုံဆွေးနွေးခဲ့မှုအခြေအနေကို ဦးဇင်ဝိုင်းက “အလွန်ပွင့်လင်းတယ် ဘာမှမချန်ဘူး။ အရင်တုန်းက ကျနော်တို့ကို ပြန်ကြားရေးဝန်ကြီးဌာနက ဘယ်လိုချုပ်ကိုင်ခဲ့တယ်။ ကျနော်တို့တွေ ဘယ်လို ဒုက္ခရောက်သွားတယ်။ ဒါတွေကို ကျနော်တို့ ဗြောင်ပြောပါတယ်။ ပြောလွန်းလို့ အားတောင်နာရပါတယ်။ သူတို့လည်း နားထောင်ပါတယ်။ မှားနေရင်ပြင်ရမယ် ဆိုတာကိုလည်း သူတို့က လက်ခံပါတယ်။ ဒီအတွက် ကျနော်တို့ လောကသား အများစုက ကောင်းသော တွေ့ဆုံခြင်းလို့ ကြိုဆိုကြတယ်။ မြန်မာ့ရုပ်ရှင်လောက အတွက် တခုတော့ အပြောင်းအလဲ ဖြစ်လာမယ်လို့ မျှော်လင့်ကြတယ်” လို့ ပြောပါတယ်။

တွေ့ဆုံပွဲကို ပြန်ကြားရေးဝန်ကြီးအပြင် နိုင်ငံတော်သမ္မတရုံးဝန်ကြီးတွေဖြစ်တဲ့ ဦးအောင်မင်း၊ ဦးစိုးသိန်းတို့လည်း တက်ရောက်ခဲ့ကြပြီး၊ ပြည်တွင်းရောက် ပြည်ပအတိုက်အခံအဖွဲ့ ခေါင်းဆောင်တချို့လည်း ၀န်ကြီးတွေနဲ့အတူ တက်ရောက်ခဲ့ကြတယ်လို့ ပြောပါတယ်။

ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည် ပြန်လည်ဆွေးနွေးခဲ့တာတွေနဲ့ ပတ်သက်ပြီး ဦးဇင်ဝိုင်းက အခုလို ပြောပါတယ်။

“သူ အစွမ်းကုန် လုပ်ပေးပါ့မယ်ပေါ့။ civil society (အများပြည်သူနဲ့ဆိုင်တဲ့ လူ့အဖွဲ့အစည်း) တွေနဲ့ ပတ်သက်လို့ ဒါတွေက မရှိမဖြစ် အားကောင်းဖို့လည်း လိုတယ်။ အရင်ကလို အမိန့်ပေးသလိုမျိုး သွားလို့ မရတော့ဘူး။ ကျနော်တို့က တရားဝင် ကြေညာထားပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ခံ မြန်မာ့ရုပ်ရှင်လုပ်ငန်းကို မိတ်ဖက်အဖွဲ့အစည်း အဖြစ်သာ အသိအမှတ် ပြုတယ်လေ။ ကျနော်တို့အထက်က အုပ်ချုပ်သူ အဖွဲ့အစည်းအဖြစ် လုံးဝ လက်မခံတော့ပါဘူး။ ဒါကိုလည်း မနေ့က ရှင်းရှင်းလင်းလင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။”

ပြန်ကြားရေးဝန်ကြီးအဖြစ် ခန့်အပ်ခံရပြီး ရက်ပိုင်းအတွင်းမှာပဲ ၀န်ကြီး ဦးအောင်ကြည်ဟာ ရန်ကုန်မြို့ကို သွားရောက်ပြီး ရုပ်ရှင်၊ စာနယ်ဇင်းအဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013