Home
ဆောင်းပါး
ရန်စွယ်ကြားက လှဥမ္မာ ရန်ကုန်
DVB
·
November 27, 2018
နိုဝင်ဘာလထဲ ဆယ်ကြိမ်မြောက် ပြည်သူ့လွှတ်တော် ပြန်စတော့ လှိုင်မြို့နယ် ကိုယ်စားလှယ်က ရန်ကုန်မြို့ အဝင်လမ်းတွေဟာ မြို့အင်္ဂါရပ်နဲ့ မကိုက်ညီဘဲ မြို့ကိုဝင်လိုက်ရင် အမှောင်ထုထဲ တိုးဝင်လိုက်ရသလို ခံစားရတယ်လို့ လွှတ်တော်ထဲပြောတယ်။ နိုဝင်ဘာ ၁၃ ရက် ပြည်သူ့လွှတ်တော်မှာ လှိုင်မဲဆန္ဒနယ်က ဦးအောင်ကျော်ကျော်ဦးက ရန်ကုန်မြို့အဝင် လမ်းမကြီးတွေကို လမ်းအဆင့်မြှင့်တင်ဖို့၊ လမ်းမီးတွေထွန်းဖို့၊ မြေယာရှုခင်း (Landscape) တွေ  ပြုလုပ်ဖို့ အစီအစဉ်ရှိ၊ မရှိ မေးခွန်းမေးရင်း ပြောခဲ့တာဖြစ်တယ်။ သူပြောမှ ရန်ကုန်ဝင်ရင် မှောင်မှောင်နေတာ သတိထားမိသွားပြီး ရန်ကုန်သားဖြစ်ရတာတောင် အားငယ်သွားသလို ဖြစ်ရတယ်။ အဲ့ဒီပြောဆိုချက်ကို ဒီဗွီဘီဝက်ဘ်ဆိုက်မှာ သတင်းရေးပြီးတင်ထားတော့ အဲ့ဒီသတင်းအောက်မှာ ကွန်းမန့်ရေးတဲ့တယောက်က လွှတ်တော်အမတ်က သွားရင်းလာရင်း တွေ့လို့သိတယ်။ တိုင်းအစိုးရကတော့ ဘယ်မှမသွားလို့ ဘာမှမသိဘူးလို့ ဝင်ရေးသွားတယ်။ သတင်းဘက်ဆက်ရရင် လှိုင်မြို့နယ်ကိုယ်စားလှယ် လွှတ်တော်ထဲပြောသွားတာက အမှတ် ၁ လမ်းမကြီး တချို့နေရာများမှာ လမ်းမီးများရှိပြီးတော့ တချို့နေရာများမှာ လမ်းမီးများ မရှိပါဘူး၊ ရှိတဲ့နေရာမှာလည်း လမ်းတဖက်ပဲ ရှိပါတယ်၊ လမ်းမကျယ်ကြီးတွေ ဖြစ်တဲ့အတွက် လုံလောက်မှု မရှိပါဘူး။ အမှတ် ၃ လမ်းဆိုရင်လည်း ရန်ကုန်၊ မန္တလေးနဲ့ အမှတ် ၃ လမ်းဆုံကနေပြီးတော့ ခရေပင်လမ်းအထိ လမ်းမီးမရှိပါဘူး။ အမှတ် ၂ လမ်း၊ အမှတ် ၄ လမ်းမကြီး၊ အမှတ် ၅ လမ်းမကြီးမှာလည်း လမ်းမီးများ မရှိသလောက်  ဖြစ်ပါတယ်”။ မြို့အဝင်လမ်း အဆင့်အတန်းလည်း နိမ့်ကျနေပြီး နိုင်ငံတကာ မြို့အဝင်လမ်းတွေနဲ့ နယ်မြို့အဝင်လမ်းတွေမှာ သစ်ပင်ပန်းမန် ရှုခင်းတွေနဲ့ သာယာလှပအောင် ဆောင်ရွက်ထားတယ်လို့လည်း ပြောသွားတယ်။ ဒါ့အပြင် ရန်ကုန်မြို့အဝင်လမ်းတွေမှာ ကျူးကျော်တဲတွေ၊ ကိုယ့်သဘောနဲ့ကိုယ် ဆောက်ထားတဲ့ ဈေးဆိုင်တန်းတွေ၊ အမှိုက်ပုံတွေနဲ့ ဖြစ်ချင်သလို ဖြစ်နေတယ်လို့လည်း လွှတ်တော်ကိုယ်စားလှယ်က ထောက်ပြဆွေးနွေးတယ်။ ကိုယ်တွေ့အရလည်း လွှတ်တော်ကိုယ်စားလှယ် ပြောသလိုပဲ မြို့အဝင်လမ်းတွေဟာ ဆောက်ချင်သလို ဆောက်ထားတဲ့ ဈေးတန်းတွေ၊ အမှိုက်တွေနဲ့ မြင်မကောင်းတာ သတိပြုမိတယ်။ ဒီတော့ ရန်ကုန်တိုင်းအစိုးရကိုယ်စား လွှတ်တော်ထဲလာဖြေတဲ့ ဆောက်လုပ်ရေးဒုဝန်ကြီးက ဘာဖြေသွားသလဲ တချက်ကြည့်ရင် ဒုတိယဝန်ကြီး ဦးကျော်လင်းက မြို့အဝင် အမှတ် ၁ ပြည်လမ်း၊ အမှတ် ၂ ရွာသာကြီးအဝင်လမ်း၊ အမှတ် ၃ မင်္ဂလာဒုံအဝင်လမ်း၊ အမှတ် ၄ မှော်ဘီမှတဆင့် ရွှေပြည်သာအဝင်လမ်း၊ အမှတ် ၅ ပုသိမ်လမ်းနဲ့ အမှတ် ၆ သန်လျင်မြို့အဝင်လမ်းတွေကို အဆင့်မြှင့်တင် ပြင်ဆင်နေတယ်၊ “အမှတ် ၁ မြို့အဝင်လမ်းမှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက တာဝန်ယူ ထိန်းသိမ်းဆောင်ရွက်လျက်ရှိတယ်။ အမှတ် ၂ လမ်းမကြီးနဲ့ အမှတ် ၃ လမ်းမကြီးတို့မှာ မက်စ်ကုမ္ပဏီက ဘီအိုတီစနစ်နဲ့ တာဝန်ယူ တည်ဆောက်လျက်ရှိပြီး လေးလမ်းသွား ကတ္တရာလမ်းမကြီးအဖြစ် တိုးမြှင့်ဆောင်ရွက်လျက်ရှိတယ်။ အမှတ် ၄ လမ်းမကြီးအား ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက တာဝန်ယူ ထိန်းသိမ်းစောင့်ရှောက်လျက်ရှိပြီး ကွန်ကရစ် လေးလမ်းသွားအဖြစ် တိုးချဲ့ဆောင်ရွက်ရန် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်အတွင်းမှာ အပြီးဆောင်ရွက်သွားမှာ ဖြစ်တယ်။” ရန်ကုန်မြို့အဝင် အမှတ် ၅ လမ်းမကြီးကို ၆ လမ်းသွား ကွန်ကရစ်လမ်းအဖြစ်နဲ့ အမှတ် ၆ လမ်းကိုလည်း ဆောက်လုပ်ရေးဝန်ကြီးဌာနတို့က အသီးသီး တာဝန်ယူ တိုးချဲ့ဆောင်ရွက်နေတယ်လို့လည်း ဆိုတယ်။ ဒုဝန်ကြီး အပြောအရတော့ မြို့အဝင်လမ်း အများစုကို မြို့တော်စည်ပင်သာယာရေး ကော်မတီကပဲ တာဝန်ယူ ပြင်ဆင်နေတာ ဖြစ်ပြီး ရန်ကုန်စည်ပင် ဒီလောက်စွမ်းပါ့မလားဆိုတဲ့ မေးခွန်းလည်း တဆက်တည်း ထွက်တယ်။ အခုကျင်းပနေတဲ့ ပြည်ထောင်စုလွှတ်တော်တရပ်မှာပဲ ရန်ကုန်စည်ပင်ကို မေးခွန်းထုတ်သွားကြတာတွေ မြင်ရကြားရတာ ရှိသေးတယ်။ ငမိုးရိပ်ချောင်းနဲ့ ရန်ကုန်မြစ်မျက်နှာစာ ဖွံ့ဖြိုးရေးနဲ့ ထိန်းသိမ်းရေးအတွက် ပြင်သစ်နိုင်ငံကနေ ယူရိုငွေ သန်း ၇၀ ချေးယူလို ဆိုတဲ့ကိစ္စ ဆွေးနွေးကြရင်း မေးခွန်းထုတ်ခဲ့တာ ဖြစ်တယ်။ နိုဝင်ဘာ ၁၉ ရက် ပြည်ထောင်စုလွှတ်တော်မှာ ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ခင်မောင်မောင်က ရန်ကုန်စည်ပင်ကို  ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တယ်။ သူက "ရန်ကုန်မြို့ထဲမှာ လမ်းတွေမကောင်းဘူး၊ ညအခါ လမ်းမီးတွေမရှိဘဲ မှောင်ကျနေတဲ့ကိစ္စ။ ဒါကိုတောင် စည်ပင်သာယာက မဖြေရှင်းနိုင်ဘူး၊ ရေထဲက ကိစ္စတွေကို သွားလုပ်နေတော့။ အဲဒီချောင်းက ရန်ကုန်တိုင်းအတွက် အရေးပါတဲ့ သယ်ယူပို့ဆောင်ရေးကိစ္စတွေ မလုပ်ပါဘူး"။ မနှစ်က ရန်ကုန်မြို့တွင်း ခြောက်မြို့နယ် ရေကြီးရေလျှံဖြစ်တာ ကာကွယ်ထိန်းသိမ်းဖို့ဆိုပြီး အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော် ချေးဖို့ ပြည်ထောင်စုလွှတ်တော်က ခွင့်ပြုခဲ့တာ အခု အဲ့ဒီချေးငွေတွေနဲ့ ဘာလုပ်နေတယ်ဆိုတာ ပြည်ထောင်စုလွှတ်တော်က ဘာမှမသိရဘူးလို့လည်း ပြောသွားတယ်။ လွှတ်တော်တွေမှာ ရန်ကုန်အရေး ဒီလိုပြောဆိုနေသံတွေကြားရလို့ ရန်ကုန်အစိုးရနဲ့ ရန်ကုန်လွှတ်တော် ဘာလုပ်နေသလဲလို့ စောင်းငဲ့ကြည့်တော့ တိုင်းအစိုးရရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာတော့ တိုင်းဝန်ကြီးချုပ် အလုပ်လုပ်နေတာကို အချိန်နာရီအတိအကျနဲ့ကို တင်ထားတာ တွေ့ရတယ်။ နိုဝင်ဘာ ၁၈ ရက်စွဲနဲ့ တင်ထားတဲ့ တိုင်းအစိုးရ ဖေ့စ်ဘွတ်ခ်သတင်းတွေ တချက်ကြည့်ကြည့်ပါ။ မနက် ၇ နာရီမှာ တိုင်းဝန်ကြီးချုပ်ဟာ လမ်းသစ်အိမ်ရာစီမံကိန်း ရတနာပိုင်တိုင် စိုက်ထူခြင်း မင်္ဂလာအခမ်းအနား တက်ရောက်အမှာစကားပြော။ မနက် ၉ နာရီမှာ သတ္တမအကြိမ်မြောက် MSMEs ဒေသတွင်း ပြပွဲနှင့်ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနား တက်ရောက်အမှာစကားပြော။ မွန်းလွဲ (၁၂) နာရီခွဲမှာ ဒဂုံမြို့နယ်ရှိ အမျိုးသားဇာတ်ရုံ၌ ပြုလုပ်သော မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၏ (၂၇) ကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေးတက်။ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်မှ တာဝန်ရှိသူများအား ယနေ့၊ ည​နေ (၄) နာရီတွင်​ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ခန်းမ (၄) ၌ လက်​ခံ​တွေ့ဆုံ။ ဒါ တိုင်းဝန်ကြီးချုပ်ရဲ့ တနေ့တာ အလုပ်သတင်းတွေဖြစ်တယ်။ ရန်ကုန်တိုင်းလွှတ်တော်က ကိုယ်စားလှယ်တွေလည်း အခုလပိုင်း ရက်ပိုင်းမှာ လူကြားထဲဆင်းပြီး အလုပ်တွေ လုပ်လာကြတာ ထူးထူးခြားခြား တွေ့ရတယ်။ တိုင်းလွှတ်တော် ရပ်နားထားချိန်မှာ လွှတ်တော်ကော်မတီက ကိုယ်စားလှယ်တွေ ကွင်းဆင်းလုပ်ဆောင်နေကြတာ မနည်းမနော တွေ့မြင်ရတယ်။ တိုင်းလွှတ်တော်ဖေ့စ်ဘွတ်ခ်မှာ အခုရက်ပိုင်း တင်ထားတဲ့ သတင်းတွေ တချက်ကြည့်ကြည့်ကြပါဦး။ ၂၀.၁၁.၂၀၁၈ ရက်နေ့ နံနက် (၉း၀၀) နာရီမှ နေ့လယ် (၁၁း၃၀) နာရီအချိန်ထိ တိုင်းဒေသကြီးလွှတ်တော် လူမှုရေးနှင့် စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များသည် သင်္ဃန်းကျွန်း စံပြအထူးကုဆေးရုံကြီး၏ လုံခြုံရေး၊ သန့်ရှင်းရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေး လုပ်ငန်းများအား ဆွေးနွေးပေါင်းစပ်ညှိနှိုင်း။ လွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီသည် ရန်ကုန်တိုင်းဒေသကြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရန် အဖြေရှာမှုအနေဖြင့် ၁၉.၁၁.၂၀၁၈ ရက် (တနင်္လာနေ့) နံနက် (၀၉းဝဝ) နာရီအချိန်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်ရှိ မြောက်ဒဂုံစက်မှုဇုန်သို့ ကွင်းဆင်းတွေ့ဆုံဆွေးနွေး၊ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကတိကဝတ်၊ အာမခံချက်များနှင့် လွှတ်တော်အခွင့်အရေးကော်မတီမှ ဥက္ကဋ္ဌ ဦးခင်မောင်ဝင်း၊ အတွင်းရေးမှူး ဒေါ်မိုးမိုးစုကြည်နှင့် ကော်မတီအဖွဲ့ဝင်များသည် ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်း တရားမဝင် စီးနင်းနေသော ဆိုင်ကယ်များကို အရေးယူရန်ကိစ္စနှင့် စပ်လျဉ်း၍ လက်ရှိဆောင်ရွက်ထားရှိမှု အခြေအနေများအား သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး။ ဒါ တိုင်းလွှတ်တော်သတင်းတွေထဲက ကောက်ကာငင်ကာ ထုတ်နုတ်တင်ပြခဲ့တာဖြစ်ပြီး ဒီလောက်ဆို တိုင်းအစိုးရနဲ့ တိုင်းကိုယ်စားလှယ်တွေ ဘာတွေလုပ်နေတယ်ဆိုတာ တွေ့မြင်နိုင်ကြပြီဖြစ်တယ်။ လက်ရှိ ပြည်ထောင်စုလွှတ်တော်မှာပဲ ထွက်ပေါ်ခဲ့တဲ့ ဆွေးနွေးချက်တခုအရ အခု ငမိုးရိပ်ချောင်းစီမံကိန်း ချေးငွေ အပါအဝင် ရန်ကုန်စည်ပင်ကလုပ်မယ့် စီမံကိန်းတွေအတွက် ချေးငှားထားတဲ့ ချေးငွေစုစုပေါင်းက အမေရိကန်ဒေါ်လာ သန်း ၇၀၀ ခန့် ရှိနေပြီဖြစ်တယ်။ Water Bus တွေ မောင်းနိုင်အောင်လို့ ငမိုးရိပ်ချောင်းပြင်တာလို့ လွန်လွန်ကျူးကျူး မစွပ်စွဲချင်ပေမယ့် အမေရိကန်ဒေါ်လာ သန်း ၇၀၀ ခန့်ဆိုတဲ့ ပမာဏနဲ့ တွေ့မြင်နေရတဲ့ မြို့တော် မြင်ကွင်းတွေကတော့ မကိုက်ညီသေးပါဘူး။ လွှတ်တော်ကိုယ်စားလှယ်တွေ ထောက်ပြနေသလို မြို့တွင်းမြို့အဝင်လမ်းတွေ မကောင်းသေးသလို လမ်းမီးတွေလည်း မလင်းသေးပါဘူး။ ရန်ကုန်မြို့လယ်မှာလည်း မိုးသည်းသည်းရွာတာနဲ့ လမ်းမကြီးတွေပေါ်မှာ ရေပြည့်ရေလျှံနေတုန်းပါပဲ။ မထသတဖြစ်လည်း ဝိုင်ဘီအက်စ် ဘတ်စ်စကားတွေစီးရတာ အဆင်ပြေပေမယ့် ဘတ်စကားတွေ ပြိုင်မောင်းနေကြပြီး ခရီးသွားတွေအတွက် အန္တရာယ်များနေတုန်းပါပဲ။ ခွေးလေခွေးလွင့် လမ်းဘေးခွေးတွေ အဆမတန်များနေပြီး လစ်ရင်လစ်သလို မြို့သူမြို့သားတွေကို ဒုက္ခပေးနေတုန်းပါပဲ။ ဧရာမစီမံကိန်းကြီးတွေအကြောင်း မစားရဝခမန်း ကြားကြားနေရပေမယ့် တဖက်မှာ ရန်ကုန်ဟာ ရန်စွယ်ကြားကလှဥမ္မာ ဖြစ်နေတုန်းပါပဲ။ ရန်ကုန်စည်ပင်ဥပဒေက အသက်မဝင်သေးသလို နယ်ဒေသအစုံကနေ ရန်ကုန်ကို ရွှေ့ပြောင်းရောက်ရှိလာသူတွေရဲ့ ကွမ်းတံတွေး မြင်ရာထွေးတာလိုမျိုး စည်းကမ်းမဲ့ လုပ်ရပ်အစုံကလည်း တဖက်မှာ ရှိမြဲရှိနေတုန်းပါပဲ။ ရန်စွယ်ကြားက လှဥမ္မာ ရန်ကုန်ကို အမှန်တကယ် ကယ်ထုတ်ပေးမယ့်သူက သိကြားမင်းကြီးများ ဖြစ်လေမလား။ ဝူခုန်းလား၊ မျက်နှာမည်းကြီးပေါင်ချိန်လား။ အမှန်တကယ် ပြောင်းလဲနိုင်မယ့်သူတွေက ရန်ကုန်မြို့သူမြို့သားတွေ ဖြစ်တာကြောင့် ၂၀၂၀ မှာ မြို့အတွက် အမှန်တကယ် အလုပ်လုပ်မယ့် သူတွေကိုပဲ အသေအချာ စိစစ်ရွေးကြပါစို့။ ကိုလေအိုး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024