အာဟာရဖွံ့ဖြိုးမှုမြှင့်တင်ရန် ဒေါ်လာ သန်း ၆၀၀ ကျော် အသုံးပြုမည်
ဇေယျာချမ်းအေး
·
November 26, 2018
မြန်မာနိုင်ငံမှာ အာဟာရဖွံ့ဖြိုးမှုမြှင့်တင်ရေး အမျိုးသားအဆင့်စီမံကိန်း ၅ နှစ်တာ လုပ်ဆောင်ဖို့ အတွက် အမေရိကန်ဒေါ်လာ သန်း ၆၀၀ ကျော် အသုံးပြုသွားဖို့ရှိနေပါတယ်။
အမျိုးသားအာဟာရဆိုင်ရာ မဟာဗျူဟာချမှတ်ဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၇ခုနှစ် ဇန်နဝါရီလမှာ ဝန်ကြီးဌာနတွေကို ညွှန်ကြားခဲ့တာပါ။
အဲဒီနောက်မှာတော့ ဒီမဟာဗျူဟာကို အကောင်အထည်ဖော်ဖို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနဲ့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး ဦးဆောင် ကော်မတီ တစ်ရပ်ကိုဖွဲ့စည်းခဲ့ပါတယ်။
ဒီမဟာဗျူဟာကိုချမှတ်ရတာဟာ အနာဂါတ်မြန်မာနိုင်ငံအတွက် ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာပါ ဖွံ့ဖြိုးတိုးတက်စေဖို့ ရည်ရွယ်တယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည် နေရချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဒီကနေ့ ရန်ကုန်မှာ ကျင်းပတဲ့ ဦးဆောင်ကော်မတီ ပထမအကြိမ်အစည်းအဝေးမှာပြောပါတယ်။
မြန်မာနိုင်ငံမှာ ကလေးသူငယ်တွေဟာ ကာလရှည်အာဟာရချို့တဲ့တာကြောင့် ပုညှက်တဲ့ ခန္ဓာကိုယ်အချိုးအစား ဖြစ်ပွားနေတာဟာ ၂၉.၂ ရာခိုင်နှုန်းရှိနေတယ်လို့ ပညာရေးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးကပြောပါတယ်။
“မြန်မာကလေးငယ် ၁၄သိန်းကျော်ဟာ အာဟာရချို့တဲ့မှုကိုရင်ဆိုင်နေရတာဖြစ်ပါတယ်။ ကျေးလက်က အခြေခံပညာကျောင်းတွေမှာ ကလေးငယ်တွေဟာ အာဟာရချို့တဲ့မှုကြောင့် ပညာသင်ယူနိုင်စွမ်းကလည်း နိမ့်ပါးနေတယ်”
မြန်မာနိုင်ငံ အာဟာရဖွံ့ဖြိုးမှုမြှင့်တင်ရေးအမျိုးသားစီမံကိန်းကို ၂၀၁၈-၁၉ဘဏ္ဍာနှစ်ကနေ ၂၀၂၂-၂၃ ဘဏ္ဍာနှစ်အထိ ငါးနှစ်စီမံကိန်းချမှတ်ထားပြီး ဒီစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ သန်းပေါင်း ၆၆၀ကျော် အသုံးပြုသွားမှာဖြစ်ပါတယ်။