A d v e r t i s e m e n t With Us

အိန္ဒိယတွင် ဟိန္ဒူဘုရားကျောင်းဆောက်ပေးရန် လူ ၂ သိန်းကျော် ဆန္ဒပြတောင်းဆို

Supporters of the Vishva Hindu Parishad (VHP), a Hindu nationalist organisation, shout slogans during "Dharma Sabha" or a religious congregation organised by the VHP in Ayodhya, Uttar Pradesh, India, November 25, 2018. Photo: Reuters
အိန္ဒိယနိုင်ငံ ဥတ္တာပရာဒေ့ရှ် ပြည်နယ်က အငြင်းပွား ဘာသာရေး နယ်မြေနားမှာ ဟိန္ဒူဘာသာဝင် ဘုန်းကြီးတွေနဲ့ တက်ကြွလှုပ်ရှားသူတွေ အယောက် ၂ သိန်းကျော်ရဲ့ ဆန္ဒပြပွဲဟာ ငြိမ်းငြိမ်းချမ်းချမ်း ပြီးဆုံးခဲ့ပါတယ်။ အိန္ဒိယနိုင်ငံ ဥတ်တျာပရာဒေ့ရှ် ပြည်နယ် အယုဒ္ဓယမြို့က ၁၆ ရာစုနှစ်က ဆောက်ထားတဲ့ ဗလီရှိရာ နယ်မြေမှာ ဟိန္ဒူဘုရားကျောင်း ဆောက်ပေးဖို့ အစိုးရကို တောင်းဆိုခဲ့ကြတာပါ။ ၁၉၉၂ ခုနှစ်က အလားတူ ဆန္ဒပြပွဲတုန်းကတော့ ဟိန္ဒူဘာသာဝင် လူရမ်းကားတစုက ဗလီကို ဖျက်ဆီးခဲ့လို့ အဓိကရုဏ်းအတွင်း လူအယောက် ၂ ထောင်ကျော် သေဆုံးခဲ့ဖူးပါတယ်။ ဒီနေရာဟာ ဟိန္ဒူစစ်နတ်ဘုရား ရာမမွေးဖွားတဲ့ နေရာလို့ ဟိန္ဒူတွေက ယုံကြည်ကြ ပါတယ်။ မွတ်စလင် အုပ်ချုပ်သူတွေ ၁၅၂၈ ခုနှစ်မှာ တည်ဆောက်ခဲ့တဲ့ ဗလီဟာ ဟိန္ဒူနဲ့ မွတ်စလင် ပဋိပက္ခရဲ့ ဗဟိုချက် ဖြစ်လာခဲ့တာပါ။ လူဦးရေ ၁.၃ ဘီလျံ ရှိတဲ့ အိန္ဒိယမှာ မွတ်စလင်ဟာ နိုင်ငံလူဦးရေရဲ့ ၁၄ ရာခိုင်နှုန်း ရှိနေပါ တယ်။ ဒီအရေးကို ဖြေရှင်းပေးဖို့ ဟိန္ဒူတွေရော မွတ်စလင်တွေကပါ တရားရုံးချုပ်မှာ အသနားခံခဲ့ ပါတယ်။ ဒါပေမယ့် တရားရုံးချုပ်က အချိန်ဆွဲပြီး အငြင်းပွားနယ်မြေကို လုံခြုံရေး အကြီးအကျယ် ချထားခဲ့တာပါ။ ဒီလို အချိန်ဆွဲထားတာကို ဟိန္ဒူလူ့အဖွဲ့အစည်းက စိတ်ပျက်ခဲ့ပြီး စီရင်ချက်ကို မစောင့်နိုင်တော့ဘူးလို့ ကမ္ဘာ့ဟိန္ဒူကောင်စီ (VHP) ရဲ့ ပြောခွင့်ရ ရှာရဒ် ရှာမာက ပြောပါတယ်။ တရားရုံးချုပ်ထဲမှာ ဟိန္ဒူယုံကြည်မှုကို ဖျက်ဆီးဖို့ အသင့်ဖြစ်နေတဲ့ လက်ဝဲဝါဒီ တရားသူကြီးတွေ ပြည့်နေတယ်လို့ ဆန္ဒပြသူ တယောက်က ပြောပါတယ်။ ဟိန္ဒူရှေ့ဖြစ်ဟောသူ တယောက်ကတော့ “ဆန္ဒပြသူတွေကြိုးစားတဲ့ နည်းလမ်းမှားနေတယ်။ အမှုက တရားရုံးချုပ်မှာ ရောက်နေမှတော့ တရားဥပဒေအရပဲ ဖြစ်သင့်တယ်။ ဥပမာ တရားရုံးချုပ်နဲ့ တရားသူကြီးချုပ်တို့ကို ဒီအမှုနဲ့ပတ်သက်ပြီး ကြားနာပွဲတွေ ပိုလုပ်အောင် ဖိအားပေးခဲ့သင့်တယ်” လို့ ပြောပါတယ်။ တရားရုံးချုပ်ကိုကျော်ပြီး ဘုရားကျောင်း ဆောက်လုပ်ရေး အစိုးရက အမိန့်ထုတ်ပေးဖို့ လက်ရှိ အာဏာရ BJP ပါတီရော၊ VHP ကောင်စီရော၊ သူတို့ရဲ့ မိခင်လှုပ်ရှားမှု RSS အဖွဲ့ကပါ အစိုးရကို တောင်းဆိုခဲ့ပါတယ်။ လူအများအပြားက ဒီဘုရားကျောင်းကိစ္စ ပြီးဆုံးသွားပြီလို့ ထင်နေကြတယ်။ ရမ်နတ်ဘုရားကျောင်းကို မမြင်ရမချင်း ကျနော်တို့ထိုင်နေမှာ မဟုတ်ဘူးဆိုတာ သတိပေးရမယ်လို့ RSS အဖွဲ့ဝင် ခရစ်ရှနားဂိုပယ်က ပြောပါတယ်။ တနင်္ဂနွေ ဆန္ဒပြပွဲအပြီး အိန္ဒိယမြို့တော် နယူးဒေလီမှာ ပိုကြီးတဲ့ဆန္ဒပြပွဲတွေ ဆက်လုပ်မယ်လို့ VHP ကောင်စီဝင် တယောက်က ပြောခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up