Homeမြန်မာသတင်း
မယ်ဆိုင်တွင် မူးယစ်ဆေးမှောင်ခိုသမားများနှင့် ထိုင်းစစ်တပ် ပစ်ခတ်မှုဖြစ်ပွား၊ ၅ ဦးသေဆုံး
မယ်ဆိုင်တွင် မူးယစ်ဆေးမှောင်ခိုသမားများနှင့် ထိုင်းစစ်တပ် ပစ်ခတ်မှုဖြစ်ပွား၊ ၅ ဦးသေဆုံး
DVB
·
November 26, 2018
ထိုင်း-မြန်မာနယ်စပ်၊ မယ်ဆိုင်မြို့နယ်ထဲမှာ မူးယစ်ဆေးဝါးတွေ သယ်ဆောင်လာတဲ့ အမည်မသိ လက်နက်ကိုင်တွေနဲ့ ထိုင်းလုံခြုံရေးတပ်ဖွဲ့တို့ ပစ်ခတ်မှုဖြစ်ပွားပြီး ၅ ဦးသေဆုံးခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။
မူးယစ်ဆေးတွေနဲ့အတူ လက်နက်အပြည့်အစုံနဲ့ ချင်းရိုင်းခရိုင်၊ မယ်ဆိုင်မြို့နယ်ထဲကို နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ အမည်မသိလက်နက်ကိုင် ၁၀ ယောက်နဲ့ ထိုင်းလုံခြုံရေးတပ် တပ်မ (၃) တို့ နိုဝင်ဘာ ၂၅ ရက်က တိုက်ပွဲဖြစ်ပွားပြီး အပြန်အလှန်ပစ်ခတ်ရာက လက်နက်ကိုင် ၅ ဦး သေဆုံးခဲ့တာပါ။
၁၅ မိနစ်ကြာလောက် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် စိတ်ကြွမူးယစ်ဆေးပြား အရေအတွက် တသန်းနဲ့ AK 47 ကျည်ခွံ ၇ခု ကျန်ခဲ့တဲ့အတွက် ထိုင်းအာဏာပိုင်တွေက သိမ်းဆည်း လိုက်တယ်လို့ သိရပါတယ်။
မြန်မာ-ထိုင်းနယ်စပ်မှာ မူးယစ်ဆေးဝါး မှောင်ခိုကူးသူတွေကို ထိုင်းလုံခြုံရေးတပ်ဖွဲ့တွေက အသေပစ်ခတ်ဖမ်းဆီးရမိမှုတွေ မကြာခဏ ဖြစ်ပွားလေ့ရှိပါတယ်။
သတင်း - ဖိုးစီ